သရေခေတ္တရာနှင့် ခင်ဘကုန်း

မောင်သာ (ရှေးဟောင်းသုတေသန)

 

မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ်ဖြစ်သည့် ပျူမြို့ဟောင်းသုံးမြို့တွင် သရေခေတ္တရာသည် အကြီးဆုံးဖြစ်ကာ ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှ အရှေ့ဘက် ငါးမိုင်အကွာတွင် တည်ရှိသည်။

 

သရေခေတ္တရာသည် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသောအရပ်ဟု အဓိပ္ပာယ်ရှိ၍ တည်နေရာ မြေပုံအညွှန်းသည် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၇၅ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၅ မိနစ် ဖြစ်သည်။ ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့် သရေခေတ္တရာမြို့ဟောင်း၌ စေတီပုထိုးများအပါအဝင် များစွာသော ပျူခေတ်အထောက်အထား များ ကျန်ရှိခဲ့ရာ ခင်ဘကုန်းနှင့် မသီးကျကုန်းတို့လည်း ပါဝင်သည်။

 

ခင်ဘကုန်း

 

ခင်ဘကုန်းသည် သရေခေတ္တရာမြို့ဟောင်းအတွင်း၌ နန်းတော်ရာ၏ အရှေ့တောင်ဘက်၊ ကုလားကန်ကျေးရွာ မှ အနောက်တောင်ဘက်သို့ ပေ ၂၀ဝ ခန့်အကွာ၊ သာယာဝတီ တံခါးပေါက် အနီးတွင် တည်ရှိပြီး ကုန်းပိုင် ရှင် ဦးခင်ဘကို အစွဲပြုလျက် ခင်ဘကုန်းဟု အမည်တွင်ခဲ့ သည်။

 

ကျောက်စာဝန် မစ္စတာဒူရွိုင်ဇယ်နှင့် အဖွဲ့သည် ခင်ဘကုန်းရှိ လေးထောင့်ပုံ ဌာပနာတိုက်ကို ၁၉၂၆ ခုနှစ် တွင် တူးဖော်ခဲ့ရာ ရွှေပေလွှာအချပ် ၂၀ အပါအဝင် ရှေးဟောင်းပစ္စည်း ၆၈ မျိုး၊ အရေအတွက် ၅၀ဝ ကျော် ရရှိခဲ့သည်။ ယင်းတို့တွင် ဌာပနာတိုက်အဖုံး ကျောက်ပြား အကောင်း နှစ်ချပ်၊ သုံးပိုင်းကျိုးနေသော ကျောက်ပြား တစ်ချပ်၊ ဗောဓိပလ္လင်ပုံစံ ငွေခေါင်းပွကြုတ် အဝိုင်းတစ်ခု၊ ရွှေ၊ ငွေ၊ ကြေး ဗုဒ္ဓဆင်းတုတော်များ အပါအဝင် ရှေးဟောင်း ရုပ်ဝတ္ထုပစ္စည်းများ ပါဝင်ခဲ့သည်။ တူးဖော်မှုမှ ရရှိခဲ့သည့် ပစ္စည်းအချို့ကို သရေခေတ္တရာရှိ သီရိခေတ္တရာပြတိုက်တွင် ပြသထားသည်။

 

ဌာပနာဖုံးကျောက်ပြားနှစ်ချပ်ပေါ်တွင် ထွင်းထုထား သည့် စေတီတော်နှင့် ဆင်းတုတော်တို့သည် တစ်ခုနှင့် တစ်ခု လက်ရာကွာခြားကြသည်။ ပထမကျောက်ချပ်တွင် ထီးတော်များသည် ပျော့ပျောင်း ကွေးညွတ်နေကာ ဆင်းတုတော်ငါးဆူ၏ ခန္ဓာကိုယ်များက သွယ်လျနေကြသည်။ ဒုတိယကျောက်ချပ် တွင် ဆင်းတုတော်များက ပြည့်ဖြိုးနေကြသဖြင့် ကျောက်ချပ်နှစ်ခုသည် ခေတ်ချင်း မတူညီကြောင်း တွေ့ရှိကြရသည်။

 

ပထမကျောက်ချပ်သည် ခင်ဘကုန်းအဆောက်အအုံ ကို စတင်တည်ဆောက်ခဲ့စဉ်က အဖုံးဖြစ်၍ ဒုတိယ ကျောက်ချပ်သည် အေဒီခြောက်ရာစုနှင့် ခုနစ်ရာစု အတွင်း၊ အဆောက်အအုံကို ပြန်လည်ပြုပြင်ချိန်က ထည့်သွင်းခဲ့သည့် အဖုံးဖြစ်နိုင်ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန သရေ ခေတ္တရာဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက သုံးသပ်ခဲ့သည်။

 

ခင်ဘကုန်းအဆောက်အအုံကို ပြန်လည်တည် ဆောက်ပြီးနောက် ဌာပနာများကိုလည်း ထပ်မံထည့်သွင်း ခဲ့သည်။ မူလစေတီတော်အပေါ်ပိုင်းသည် ပထမကျောက် ချပ်ပေါ်မှ စေတီပုံဖြစ်၍ ပြန်လည် တည်ဆောက်ခဲ့သည့် စေတီပုံကို ဒုတိယကျောက်ချပ်တွင် ထွင်းထုခဲ့သည်။ ယင်းဌာပနာတိုက်ဖုံး ကျောက်ပြားနှစ်ချပ်ကို သရေခေတ္တရာရှိ သီရိခေတ္တရာပြတိုက်တွင် လေ့လာနိုင် ကြပေသည်။

 

ရှေးဟောင်းသုတေသနဦးစီးဌာနသည် ၁၉၆၄ ခုနှစ် တွင် ခင်ဘကုန်းကို ပြန်လည်တူးဖော် သုတေသန ပြုခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အီတလီနိုင်ငံမှ Lerici Foundation နှင့် ပူးပေါင်းလျက် ခင်ဘကုန်းထိန်းသိမ်းရေးလုပ်ငန်းနှင့် အသေးစိတ်မှတ်တမ်းပြု ပုံဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် ခင်ဘကုန်းကို တူးဖော်မှုများ ထပ်မံပြုလုပ်ခဲ့ရာ ပျူခေတ်ယဉ်ကျေးမှု အထောက်အထားသစ်များကို တွေ့ရှိခဲ့သည်။

 

ခင်ဘကုန်းကို ၁၉၂၆ ခုနှစ်တွင် ပထမဆုံးတူးဖော်ခဲ့ စဉ်က မြေကြီးများကို ကုန်းပတ်လည်တွင် စုပုံထားခဲ့ သဖြင့် နှစ်ကာလ ကြာရှည်လာချိန်တွင် ခင်ဘကုန်းနေရာ သည် ချိုင့်ကြီးတစ်ခု ဖြစ်လာခဲ့ကာ မိုးရာသီ၌ ရေအိုင်ကြီး တစ်ခုအဖြစ် မြင်ခဲ့ကြရသည်။ ၂၀၁၆ ခုနှစ်တွင် ယင်းမြေ ကြီးများကို အဆင့်လိုက်ဖယ်ရှား၍ ခင်ဘကုန်းကို ထပ်မံတူးဖော်ရာ မူလအဆောက်အအုံပန္နက်ရာကို ဖော်ထုတ်နိုင်ခဲ့သည်။ ခင်ဘကုန်း အဆောက်အအုံ၏ တောင်ဘက်ဝင်ပေါက်နေရာရှိ အုတ်ရိုးပေါ်တွင် ဝိုင်းစက်စွာ ထွင်းထားသည့် တိုင်ကျင်းရာများကို တွေ့ရှိ ခဲ့သည်။ ယင်းအဝိုင်းပေါက်များသည် တစ်ချိန်က ခင်ဘကုန်းတွင်ရှိခဲ့သည့် အဆောက်အအုံ၏ မုခ်ဦးတိုင် နေရာများဖြစ်နိုင်ကြောင်း တူးဖော်သူ ပညာရှင်များက ယူဆခဲ့ကြသည်။ ထို့အပြင် ခင်ဘကုန်းအဆောက်အအုံ ပန္နက်၏ လှေကားများသည် ယခင်က ခန့်မှန်းခဲ့သကဲ့သို့ အတွင်းပိုင်းတွင် ရှိမနေဘဲ ပင်မအဆောက်အအုံ၏ အပြင်သို့ ထွက်နေကြောင်း တွေ့ရှိခဲ့သည်။

 

တူးဖော်မှုမြေလွှာများအနက် လှေကားများ၏ အောက်ခြေတွင် အုတ်ကျိုးရော မြေလွှာကို တွေ့ရှိရသည်။ လှေကားများကို ပင်မအဆောက်အအုံနှင့် ချိတ်ဆက်ထားခြင်း မရှိသဖြင့် ပထမဆုံး တည်ဆောက် ခဲ့စဉ်က လှေကား များသည် အဆောက်အအုံလေးဘက်လုံး၌ ပါရှိရန် မသေချာကြောင်း ပညာရှင်များက ယူဆခဲ့ကြသည်။

 

ခင်ဘကုန်း အဆောက်အအုံကို အနည်းဆုံး နှစ်ကြိမ် ခန့် တည်ဆောက်ခဲ့ကာ ပထမအကြိမ် တည်ဆောက်ခဲ့စဉ် က အိန္ဒိယနှင့် နီးစပ်သူများက တည်ဆောက်ခဲ့၍ ဒုတိယအကြိမ်တွင် ပျူများကိုယ်တိုင် တည်ဆောက်ခဲ့ခြင်းဖြစ်နိုင် ကြောင်း ဦးကျော်မျိုးဝင်းက ရေးသားခဲ့သည်။

 

ရွှေပေလွှာ အချပ် ၂၀

 

ခင်ဘကုန်းဌာပနာတိုက်မှ ရရှိခဲ့သည့် ရွှေပေလွှာ အချပ် ၂၀ သည် တစ်ချပ်လျှင် အလျား ၆ ဒသမ ၅ လက်မ၊ အနံ ၁ ဒသမ ၂၅ လက်မစီရှိ၍ ယင်းတို့ကို တစ်ချပ်စီထပ် ကာ အပေါ်နှင့်အောက်မှ အရွယ်တူ ရွှေပေလွှာ နှစ်ချပ်ဖြင့် ညှပ်၍ ရွှေကြိုးဖြင့် စည်းနှောင်ထားသည်။ ရွှေပြား၂၂ ချပ်၏ စုစုပေါင်းအလေးချိန်သည် ၂၃ ကျပ် ၁၄ ပဲ နှင့် နှစ်ရွေး ဖြစ်သည်။

 

ရွှေပေလွှာများပေါ်တွင် ပိဋကတ်တော် ကောက်နုတ် ချက်များကို ပျူဘာသာစကားဖြင့် ရေးသားထားသည်။ သရေခေတ္တရာမှ ရရှိခဲ့သည့် ရှေးဟောင်းပစ္စည်းများတွင် မြင်တွေ့ရသည့် ကမ္ပည်း စာများကို အကြမ်းအားဖြင့် ပျူ စာပေနှင့် ပိဋကတ်စာပေဟု ခွဲခြားနိုင်ကြောင်း၊ ပိဋကတ် စာပေဆိုသည်မှာ မြတ်စွာဘုရား ဟောကြားခဲ့သည့် သုတ္တ၊ ဝိနယ၊ အဘိဓမ္မာဟူသည့် ပိဋကတ်သုံးပုံမှ ကောက်နုတ်ချက်များဖြစ်ကြောင်း၊ ပျူစာပေဆိုသည်မှာ ပျူတို့ဘာသာစကားဖြင့် ရေးထိုးထားသော စာပေ ဖြစ်ကြောင်း သရေခေတ္တရာမြို့ဟောင်းကို တူးဖော်ခဲ့သူ ဦးစိန်မောင်ဦးက ရေးသားခဲ့သည်။

 

ရွှေပေလွှာများကို ပညာရှင်များက သုတေသန ပြုလုပ်ခဲ့ကြပြီး ဦးလူဖေဝင်းက ခင်ဘကုန်း ရွှေပေလွှာများ သုတေသနပြုချက်စာတမ်းကို မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန အစီရင်ခံစာ(၁၉၃၈-၁၉၃၉) တွင် ရေးသားခဲ့ သည်။ ယဉ်ကျေးမှု ညွှန်ကြားရေးဝန် ဦးသာမြတ်က ၁၉၆၃ ခုနှစ်တွင် သုတေသနပြုလုပ်ခဲ့ကာ မြန်မာစာ ပါမောက္ခ ဒေါ်သန်းဆွေက ပျူစာခင်ဘရွှေပေချပ် ဓာတ်ပုံများ စာအုပ်နှင့် ပျူစာ ခင်ဘရွှေပေလေ့လာချက် စာအုပ်တို့ကို ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

 

ရွှေပေလွှာ အချပ် (၁) မှ (၁၈) အထိ တစ်ချပ်စီတွင် စာကြောင်းရေ သုံးကြောင်းစီ ရေးသားထားပြီး အချပ် (၁၉) တွင် စာကြောင်း လေးကြောင်း၊ အချပ် (၂၀) တွင် စာကြောင်း နှစ်ကြောင်း ပါရှိသဖြင့် ရွှေပေအချပ် (၂၀)တွင် စာကြောင်းရေ စုစုပေါင်း ၆၀ ပါရှိသည်။

 

ရွှေပေလွှာများတွင် ဗုဒ္ဓဘုရားရှင်၏ ပါဠိတော် ကောက်နုတ်ချက် ရှစ်ခုပါဝင်ပြီး ပထမအပိုဒ်သည် သံယုတ္တ နိကာယ်၊ ဝိနည်း မဟာဝါနှင့် ဝိဘင်းပါဠိတော် တို့တွင် ပါရှိသည့် ပဋိစ္စသမုပ္ပာဒ်ဒေသနာတော်၊ ဒုတိယ အပိုဒ်သည် ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် အဘိဓမ္မတ္ထ သင်္ဂဟ ကျမ်း ၊ တတိယအပိုဒ်နှင့် စတုတ္ထအပိုဒ်သည် မဇ္ဈိမနှင့် အင်္ဂုတ္တရ နိကာယ်၊ ပဉ္စမအပိုဒ်သည် ခုဒ္ဒကနိကာယ်၊ ဆဋ္ဌမ အပိုဒ်သည် ဓမ္မပဒ၊ သတ္တမအပိုဒ်သည် ဇာတကအဋ္ဌကထာ နှင့် အဋ္ဌမအပိုဒ်သည် ဝိနည်းမဟာဝါ ပါဠိတော်များမှ ကောက်နုတ်ထားသော စာပေများဖြစ်ကြကာ နဝမအပိုဒ် သည် ဗုဒ္ဓဂုဏ်တော်ကိုးပါး ပါဠိတော် စာသားများ ဖြစ်ကြောင်း ဆရာကြီးဦးသာမြတ်က ထုတ်နုတ်ပြခဲ့သည်။

 

ရွှေပေလွှာတွင် ရေးသားထားသည့် လက်ရေးများ သည် အိန္ဒိယနိုင်ငံတောင်ပိုင်း ရှေးဟောင်း တေလဂူကနဍီ အက္ခရာများနှင့် ပုံသွင်တူညီကြောင်း ဦးစိန်မောင်ဦးက မှတ်ချက်ပြုခဲ့ကာ ရွှေပေလွှာများ ရေးသားခဲ့သော ခေတ်ကာလကို ခရစ်နှစ် လေးရာစုနှင့် ငါးရာစုအကြားဟု ခန့်မှန်းသတ်မှတ်နိုင်ကြောင်း သီရိပျံချီ ဦးမြက ရှေးဟောင်းမြန်မာအက္ခရာစာတမ်းတွင် သုံးသပ်ခဲ့သည်။

 

ခင်ဘကုန်းတွင် စိုက်ထူထားသော မှတ်တမ်းတွင်မူ ရွှေပေလွှာပေါ်တွင် ရေးသားထားသော အက္ခရာများသည် အိန္ဒိယနိုင်ငံတောင်ပိုင်း ဣသျှဝါကု မင်းဆက်သုံး ဗြဟ္မီအက္ခရာမှ ပြောင်းလဲ တီထွင် ထားသော ပျူအက္ခရာ များဖြစ်ကြောင်း ဖော်ပြထားသည်။

 

ငွေဗောဓိပလ္လင်ကြုတ်

 

ခင်ဘကုန်းမှရရှိခဲ့သည့် ၇၂ ဒသမ ၅ စင်တီမီတာ (၂ ဒသမ ၃၇ ပေ) မြင့်သည့် ဗောဓိပလ္လင်ပုံ ခေါင်းပွ ငွေကြုတ်အဝိုင်းပေါ်ရှိ ဗောဓိပင်ပတ်လည်မှ ကြာပလ္လင် များပေါ်တွင် ထိုင်တော်မူ ဗုဒ္ဓဆင်းတုလေးဆူကို ဖောင်းကြွထုလုပ်ထားသည်။ ယင်းငွေကြုတ်သည် ရွှေပေလွှာများထက် ခေတ်အနည်းငယ်နောက်ကျ ကြောင်း ပညာရှင်များက ယူဆခဲ့သည်။ ရုပ်ပွားတော်များ သည် ဘူမိဖဿမုဒြာ (လက်တော်မြေထိဟန်) ဟန်ဖြစ် ပြီး ရုပ်ပွားတော်တစ်ဆူနှင့် တစ်ဆူကြားတွင် သာဝက တစ်ပါးစီက မတ်တတ်ရပ်နေကြသည်။

 

ကြုတ်အဖုံးအပေါ် နှုတ်ခမ်းပတ်လည်တွင် ပွင့်တော် မူပြီးခဲ့သော ဘုရားရှင်လေးဆူ၏ ဘွဲ့တော်များကို ရေးထိုး ထားကာ ကြုတ်၏ အောက်နှုတ်ခမ်းတွင် သာဝက အမည်များနှင့် အလှူရှင်အမည်များကို ရေးထားသည်။

 

ရွှေပေလွှာများတွင် ရေးသားထားသည့် ဗုဒ္ဓဂုဏ် တော်များအနက် ကျန်ရှိနေသည့် ဂုဏ်တော်နှစ်ပါးကို ငွေဗောဓိပလ္လင်ကြုတ်တွင် ဂေါတမဗုဒ္ဓဘွဲ့တော်နောက်၌ ရေးသား၍ အဆုံးသတ်ထားသည်။ ထို့ကြောင့် ခင်ဘကုန်းမှ ရရှိခဲ့သည့် ဌာပနာပစ္စည်းနှစ်ခုဖြစ်သည့် ရွှေပေလွှာများနှင့် ငွေဗောဓိပလ္လင်ကြုတ်တို့သည် ပျူလူ များ၏ ဗုဒ္ဓဘာသာဆိုင်ရာ ယုံကြည်ကိုးကွယ်မှု အထောက်အထားများ ဖြစ်ကြပေသည်။

 

၁၉၉၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်၌ ကျင်းပခဲ့သည့် ပညာရှင်များနှီးနှောဖလှယ်ပွဲ က ခင်ဘကုန်း ရွှေပေလွှာများသည် အေဒီ ငါးရာစု အစော ပိုင်း သို့မဟုတ် အလယ်ပိုင်း လက်ရာများဖြစ်ကြောင်း လက်ခံခဲ့ကာ ကမ္ဘာပေါ်တွင် တွေ့ရှိထားသော ပါဠိစာပေ အထောက်အထား များတွင် ရှေးအကျဆုံး ဖြစ်လာခဲ့သည်။

 

ပါမောက္ခ ဒေါ်သန်းဆွေက “ခင်ဘကုန်းရွှေပေလွှာ များက ခရစ်နှစ် ငါးရာစုက ပျူလူမျိုးများ၏ ဘာသာရေး အမြင် နှံ့စပ်ကြွယ်ဝနက်ရှိုင်းပုံနှင့် စီစဉ်တင်ပြသည့် အစီ အမံသည် အံ့မခန်းဖြစ်ကြောင်းကို ဖော်ပြနေသည် ဟု သုံးသပ်ခဲ့သည်။ ရွှေပေလွှာများပေါ်မှ ပါဠိတော်များသည် ပိဋကတ်သုံးပုံဖြစ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရား တော်များမှ ကောက်နုတ်ချက်များဖြစ်သောကြောင့် ပျူတို့သည် ပိဋကတ်စာပေများကို နှံ့နှံ့စပ်စပ် နားလည် သိရှိထားကြောင်း ယူဆခဲ့ကြသည်။ ယင်းအချက်က မြန်မာနိုင်ငံတွင် ပုဂံခေတ်မတိုင်မီ ပျူယဉ်ကျေးမှု ထွန်းကားခဲ့ချိန်မှစ၍ ထေရဝါဒ ပိဋကတ်စာပေများ ရှိနေ ကြောင်း ဖော်ညွှန်းလျက်ရှိသည်။

 

ခင်ဘကုန်း ရွှေပေလွှာများကဲ့သို့ပင် ပိဋကတ်စာ ကောက်နုတ်ချက်များကို ရှေးဟောင်းစာလုံးများဖြင့် ရေးသားထားသည့် ရွှေပေလွှာနှစ်ချပ်ကို ကျောက်စာဝန် ဒေါက်တာ အီးအမ်ဖော်ချားမားက ခရစ်နှစ် ၁၈၉၇ ခုနှစ် တွင် သရေခေတ္တရာ မြို့ဟောင်း လယ်ပေါ်ရွာအနီးရှိ မောင်ကန်ကုန်းမှ တွေ့ရှိခဲ့ရာ မောင်ကန်ရွှေပေလွှာဟု ထင်ရှားခဲ့သည်။

 

မောင်ကန်ရွှေပေလွှာနှစ်ချပ်တွင် စာကြောင်း သုံးကြောင်းစီ ပါဝင်ကာ နှစ်ချပ်လုံးကို “ယေဓမ္မာ ဟေတုပ္ပ ဘဝါ အစချီသော ပိဋကတ်တော် ကောက်နုတ် ချက်များကို ရေးထိုးထားသည်။ ယင်းရွှေပေလွှာများကို ငါးရာစုအတွင်း ရေးထိုးခဲ့ခြင်းဖြစ်နိုင်ကြောင်း ပညာရှင် များက ခန့်မှန်းခဲ့သည်။ မောင်ကန်ရွှေပေလွှာ နှစ်ချပ်ပေါ် တွင် ရေးသားထားသော အက္ခရာများသည် ခင်ဘကုန်း ရွှေပေလွှာများပေါ်တွင် ရေးထိုးထားသော အက္ခရာ စာလုံးများနှင့် တူညီနေသည်ဟုဆိုသည်။

 

ယေဓမ္မာ ဟေတုပ္ပဘဝါ ဂါထာသည် ရှင်အဿဇိက ရှင်သာရိပုတ္တရာဖြစ်လာမည့် ဥပတိဿအား ဗုဒ္ဓဘုရား ရှင်၏ တရားတော်အနှစ်ချုပ်ကို ဟောပြခဲ့သည့် ဂါထာ ဖြစ်သဖြင့် ပျူလူမျိုးများသည် ထေရဝါဒဗုဒ္ဓဘာသာ အပေါ် ကြည်ညိုသက်ဝင်မှုရှိခဲ့ကြောင်း သုံးသပ်နိုင်ပေ သည်။

 

ပိဋကတ်ကောက်နုတ်ချက်များ ရေးထားသော ရွှေပေလွှာတစ်ချပ်ကို ၁၉၂၈ ခုနှစ်တွင် ကျွန်းတောစုရွာမှ မောင်ကျော်ငြိမ်းက သရေခေတ္တရာမှပင် တွေ့ရှိခဲ့သည်။ ယင်းရွှေပေလွှာတွင် ဣတိပိသောဘဂဝါ အစချီသည့် ဘုရားဂုဏ်တော်များကို ရေးထားကာ ရွှေပေလွှာသည် အပိုင်းပိုင်းကျိုးပြတ်နေပြီး ညာဘက်ထိပ်ပိုင်းကိုလည်း မတွေ့ရှိရချေ။ ရွှေပေလွှာတွင် ရေးသားထားသည့် အက္ခရာ ပုံပန်းသဏ္ဌာန်သည် လှပသေသပ်ခြင်းမရှိဟု ဆိုသည်။

 

ခင်ဘကုန်း မြေမီးဖုတ်ရုပ်ကြွ

 

သရေခေတ္တရာဌာနစုမှ အင်ဂျင်နီယာဝန်ထမ်းများ သည် ၂၀၁၅ ခုနှစ်တွင် ခင်ဘကုန်းမှ ချောမောလှပသော အမျိုးသမီး ဦးခေါင်းပုံ မြေမီးဖုတ်ရုပ်ကြွအကျိုးတစ်ခုကို ရရှိခဲ့သည်။ ယင်းရုပ်ကြွကို အီတလီနိုင်ငံမှ ပညာရှင်များ က သန့်စင်မှုပြုလုပ်ပေးခဲ့ပြီးနောက် ရုပ်ကြွ၏ ဦးခေါင်း ပတ်လည်တွင် ရောင်ခြည်တော် စက်ဝန်းတစ်ခုနှင့် မကိုဋ်သရဖူ၊ နဖူးသင်းကျစ်တော်တို့ကို ထင်ရှားစွာ မြင်တွေ့နိုင်ခဲ့ကြသည်။ ရုပ်ကြွ၏မျက်မှောင် နှစ်ဖက် အကြားတွင် ဥဏ္ဏလုံ မွေရှင်တော်အရာကို တွေ့ ရှိခဲ့ကြရ သော်လည်း မည်သည့်ရုပ်တုကို ဖော်ညွှန်းကြောင်း မသိရှိ ခဲ့ပါချေ။

 

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၁ ရက်မှစ၍ ခင်ဘကုန်းကို တူးဖော်မှုများ ဆောင်ရွက်ခဲ့စဉ် တူးဖော်မှု ကုန်းတောင်ဘက် အုတ်ရိုးတန်းအနီးမှ မြေမီးဖုတ်ရုပ်ကြွ အကျိုးများကို ထပ်မံရရှိခဲ့သဖြင့် ယခင်ရရှိခဲ့သော ဦးခေါင်းပုံရုပ်ကြွနှင့် ဆက်စပ်ကြည့်ရာ ထင်ရှားသော ရုပ်ကြွတစ်ချပ်အဖြစ် ပုံပေါ်လာခဲ့သည်။ အုတ်ပေါင်ခတ် ထားသည့် ရုပ်ကြွ၏ အရွယ်အစားသည် အလျား တစ်ပေ ကိုးလက်မနှင့် အနံ ၂ ပေ ၁၀ လက်မရှိသည်။

 

မတ်တတ်ရပ်နေသည့် အမျိုးသမီး၏ ရင်သားများ သည် ဖြိုးမောက်နေခြင်းမရှိဘဲ လက်မောင်းနှစ်ဖက်လုံး တွင် လက်ကြပ်များ ဝတ်ဆင်ထားပြီး ယာဘက် လက်မောင်းတွင် လက်ကြပ်ပုံကို ရှင်းလင်းစွာမြင်ကြ ရသည်။ ရုပ်ကြွသည် ခါးစည်း စည်းထားကာ ရှေ့တွင် အမြိတ်ချထားသည်။ ရုပ်ကြွသည် ယင်း၏ လက်ယာဘက် ရှိ မျက်စိမှိတ်ထားသူကို တစ်စုံတစ်ခုပေးနေပြီး ရှေ့ဘက်မှ ကလေးငယ်တစ်ယောက်က လက်ဝါးဖြန့် ကာ တစ်စုံတစ်ခုတောင်းနေသည့်ပုံဖြစ်သည်။ မြေမီးဖုတ် ရုပ်ကြွတွင် နားရွက်များသည် ပခုံးသို့ ထိနေခြင်း မရှိသဖြင့် ပျူခေတ်လက်ရာဟု ယူဆနိုင်ခဲ့သည်။

 

ခင်ဘကုန်းတူးဖော်မှုမှပင် မြေမီးဖုတ် ကြာပန်းဝိုင်း တစ်ခုကို ရရှိခဲ့သည်။ ၁၉၂၆ ခုနှစ်က ခင်ဘကုန်းကို တူးဖော်ခဲ့စဉ် ကြာပန်းပုံထုလုပ်ထားသည့် ငွေထည် ပစ္စည်းတစ်ခုကို ရရှိခဲ့ရာ ကြာပန်းဝိုင်းနှစ်ခုသည် ပုံသဏ္ဌာန် တူညီကြပြီး မြေမီးဖုတ်ထားခြင်းနှင့် ငွေဖြင့် ပြုလုပ်ထားခြင်းသာ ကွာခြားသည်။

 

ခင်ဘကုန်းတွင် ကမ္ဘာ့အမွေအနှစ် နေရာဒေသ သတ်မှတ်ချက်တစ်ခုဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုး (OUV) အမှတ် (၂) ဖြစ်သော ဘာသာရေးဆိုင်ရာ အဆောက်အအုံအတွင်း ယုံကြည်ကိုးကွယ်မှုအရ ဖန်တီး ပြုလုပ်ထားသော ရုပ်လုံးရုပ်ကြွဝတ္ထုပစ္စည်းများ မြှုပ်နှံမှု ဓလေ့ရှိကြောင်း အထောက်အထားကို တွေ့ရှိခဲ့ရသည်။

 

သရေခေတ္တရာသည် ပျူယဉ်ကျေးမှု ထွန်းကားခဲ့ သော မြို့ဟောင်းဖြစ်ကာ များစွာသော ထေရဝါဒ ဗုဒ္ဓဘာသာဆိုင်ရာ စာပေနှင့် ရုပ်ဝတ္ထုအထောက်အထား များကို တွေ့ရှိခဲ့သည့် နေရာဖြစ်သည်။ ပုဂံဘုရင် အနော်ရထာသည် ပိဋကတ်သုံးပုံကို သထုံမှ ပုဂံသို့ ပင့်ဆောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ ဘာသာ ပြန့်ပွားလာခဲ့ကြောင်း ယေဘုယျအားဖြင့် လက်ခံထားကြသော်လည်း ခင်ဘကုန်းမှ ရရှိခဲ့သည့် ဗုဒ္ဓစာပေ ကောက်နုတ်ချက်များ ရေးထိုးထားသည့် ရွှေပေလွှာ အချပ် ၂၀ နှင့် ငွေဗောဓိပလ္လင်ကြုတ်တွင် ရေးသားထားသည့် ပိဋကတ်ကောက်နုတ်ချက်များက သရေခေတ္တရာတွင် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု ရှိခဲ့ကြောင်း သက်သေပြနေသည်။

 

ထို့ကြောင့် ပျူယဉ်ကျေးမှု အထောက်အထားများ စွာကို တွေ့ရှိခဲ့ရသည့် သရေခေတ္တရာနှင့် ခင်ဘကုန်းသည် ပညာရှင်များနှင့် သုတေသီများ အထူးစိတ်ဝင်စားကြသည့် နေရာများ ဖြစ်လာခဲ့ကြပေသည်။

 

ကိုးကား

ပျူစာ ခင်ဘရွှေပေလေ့လာချက် (ဒေါ်သန်းဆွေ)

ပျူဖတ်စာ(ဦးသာမြတ်)

ပုဂံခေတ်မတိုင်မီက မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ

ကိုးကွယ်မှု ခင်ဘကုန်းတွေ့ရှိချက်များ

(ဦးကျော်မျိုးဝင်း)