သရက်ခရိုင်အတွင်းရှိ မြို့နယ်သုံးမြို့နယ်၌ ငွေကျပ်သန်း ၄၇၀၀ ကျော်အသုံးပြုကာ ကျေးရွာချင်းဆက် လမ်းတံတားများ ဆောင်ရွက်ပေးနေ

သရက် စက်တင်ဘာ ၂၈

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သရက်ခရိုင် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက အကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာချင်းဆက်လမ်းများကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် သရက်ခရိုင်အတွင်းရှိ ကျေးရွာ ၄၀၁ ရွာ အကျိုးပြုမည့် နိုင်ငံတော်မှ ရန်ပုံငွေကျပ်သန်း ၄၇၀၀ ကျော်အသုံးပြုကာ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ခြင်း၊ တံတားများ ဆောင်ရွက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။

 

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကျေးလက်နှင့် မြို့ပြကွာဟမှု ကျဉ်းမြောင်းစေရေးအတွက် ရည်ရွယ်၍ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းများကို နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး ဆောင်ရွက်လျက်ပေးရှိကြောင်း သိရသည်။

 

သရက်ခရိုင်အတွင်း မင်းတုန်း၊ မင်းလှ၊ အောင်လံ မြို့နယ်သုံးမြို့နယ်၌ ကျေးရွာချင်းဆက်လမ်းများဖြစ်သည့် ကွန်ကရစ်လမ်း သုံးလမ်း၊ ကတ္တရာလမ်း လေးလမ်း၊ ကျောက်ချောလမ်း နှစ်လမ်း၊ မြေနီလမ်း ၁၇ လမ်းနှင့် မြေသားလမ်း တစ်လမ်း၊ စုစုပေါင်း လမ်းလုပ်ငန်း ၂၇ လမ်း အရှည် ၆၀ မိုင်ဖောက်လုပ်ခြင်းနှင့် ကျေးရွာချင်းဆက် တံတားများဖြစ်သည့် ကွန်ကရစ်တံတား ရှစ်စင်း၊ ဘေလီတံတား တစ်စင်း၊ ရေကျော် ခုနစ်စင်း၊ Box Culvert ၁၄ စင်း စုစုပေါင်း တံတားလုပ်ငန်း ၃၀ စင်း အရှည် ၂၀၇၈ ပေ တည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၅၇၄ ဒသမ ၀၉၈ သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၃၂၁၆ ဒသမ ၆၉သန်း၊ စုစုပေါင်း ငွေကျပ် ၄၇၉၀ ဒသမ ၇၈၈ သန်း အသုံးပြုကာ လုပ်ငန်းတင်ဒါ၊ ပစ္စည်းတင်ဒါစနစ်ဖြင့် ဇူလိုင်လ ပထမအပတ်မှ လုပ်ငန်းစတင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ယာယီခရိုင်တာဝန်ခံ ဒေါ်ဇာလှိုင်သန်းက ပြောပြ၍ သိရသည်။

 

"အခုလို ကျွန်တော်တို့ဌာနက ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ခြင်း၊ အဆင့်မြှင်တင်ခြင်း၊ တံတားများ တည်ဆောက်ခြင်းကို ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်အဆင်ပြေစေပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စတွေကို ယခင်ကထက် ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်၊ ဒီလို ဆောင်ရွက်တဲ့ နေရာမှာလည်း ပြည်သူတွေရဲ့ လယ်မြေ၊ ယာမြေတွေကို ထိခိုက်မှုမရှိစေဘဲ နိုင်ငံတော်ရန်ပုံငွေနဲ့သာ ပြည်သူလူထုကို ကူညီခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ သရက်ခရိုင်ကို ယခင်ကထက် ဖွံ့ဖြိုးတိုးတက်လာစေရန် အများကြီးမျှော်လင့်ပြီး အခက်အခဲတွေကြားက ရန်ပုံတွေရရှိအောင် အဆင့်ဆင့်တင်ပြတောင်းခံကာ ကြိုးစားခဲ့ရပါတယ်" ဟု ယာယီခရိုင်တာဝန်ခံ ဒေါ်ဇာလှိုင်သန်းက ဆက်လက်ပြေပြသည်။

 

အဆိုပါ ကျေးရွာချင်းဆက်လမ်းများ၊ တံတားများ အားလုံးဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၄၀၁ ရွာ၊ အိမ်ခြေ ၅၈၃၄၃၊ လူဦးရေ ၂၃၈၂၂၆ ဦးတို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးများ အဆင်ပြေလာမည်ဖြစ်ပြီး ယခင်ကထက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

မယ်သင်း