သရက်မြို့နယ် ကျေးရွာ ၁၄ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မည်

သရက်၊ ၁၈ ဇန်နဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၄ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနက သိရသည်။

 

ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းကို သရက်မြို့နယ်အတွင်းရှိ ဂုမ္ပဏီကျေးရွာ၊ သာစည်ကျေးရွာ၊ မိုးနတက်ကုန်းကျေးရွာ၊  မြို့လှကျေးရွာ၊ ညောင်ရွာကြီးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ အကောက်တဲကျေးရွာ၊  အင်းမငယ်ကျေးရွာ၊ ကျောင်းခုံကျေးရွာ၊ သရက်ခုံကျေးရွာ၊ ဘုရားစုကျေးရွာ၊ ပေခုံကျေးရွာ၊ မှန်တင်ကြီး(မ)ကျေးရွာ၊ မှန်တင်ကြီး(တ)ကျေးရွာ စသည့် စုစုပေါင်းကျေးရွာ ၁၄ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း ၁၄၀၀၊ ကျေးရွာပြည်သူထည့်၀င်ငွေများဖြင့် ကျေးရွာတွင်း လမ်း၊ တံတား၊ ရေရရှိရေး၊ မီးလင်းရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအား သက်ဆိုင်ရာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်၍ နည်းပညာပံ့ပိုးကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာပြည်သူများ မိမိတို့ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဥ်အလိုက် စီမံချက်များရေးဆွဲနိုင်ရန်၊ ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ် အခြေခံ၍ နှစ်စဥ်ရန်ပုံငွေလျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ရန်၊ ကျေးရွာမှ ထွက်ပေါ်လာသော စီမံချက်များအား မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးတွင် ထည့်သွင်းရေးဆွဲနိုင်ရန် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က ပြောပြ၍ သိရသည်။

 

သူရိန်(မင်းဘူး)