သရုပ်ဆောင် အလင်းရောင်က ဗီလိန်ဇာတ်ရုပ်ကို ပိုအားသန်ကြောင်း ပြောကြား

လတ်တလော အနုပညာလှုပ်ရှားမှုအနေဖြင့် ဒါရိုက်တာ ဝိုင်း ရိုက်ကူးသည့် ပပဝတီ စီရင်ခန်း’ နှင့် ဒါရိုက်တာ စတီး၏ ‘စာအုပ်ကြီးရဲ့စီရင်ခန်း’ ရုပ်ရှင်ကားကြီးများတွင် ပါဝင် သရုပ်ဆောင်ထားသလို ကြော်ငြာနှင့် သီချင်းများလည်း ရိုက်ကူးနေသည့် သရုပ်ဆောင် အလင်းရောင်က ဗီလိန်ဇာတ်ရုပ်များကို သရုပ်ဆောင်ရန် အားသန်ကြောင်း ပြောကြားသည်။

“လတ်တလောမှာ ကျွန်တော် ဇာတ်ကားတွေရိုက်ဖြစ်တယ်၊ ကြော်ငြာတွေလည်း ရိုက်နေတဲ့အပြင် ဗယ်လင်တိုင်းဒေးမှာ သီချင်းတစ်ပုဒ် ထွက်ဖို့ရှိပါတယ်၊ ပပဝတီ စီရင်ခန်းက ဇာတ်သိမ်းရိုက်ပြီးသွားပါပြီ၊ နောက်ထပ် ဒါရိုက်တာစတီးရဲ့ စာအုပ်ကြီးရဲ့ စီရင်ခန်း ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေပါတယ်၊ ၂၀၁၉ အစကို ဒါရိုက်တာ ကိုဝိုင်းနဲ့ ကိုစတီးတို့ရဲ့ ဇာတ်ကားတွေနဲ့ စဖြစ်တာပေါ့၊ ဒီကားတွေမှာတော့ ကျွန်တော်က ဗီလိန်မဟုတ်ဘူး၊ ကျွန်တော်ကိုယ်တိုင်ကတော့ ဗီလိန်ဇာတ်ရုပ်လုပ်ရတာကို ပိုပြီး အားသန်တယ်၊ ဗီလိန်အိုက်တင်လုပ်ရတာက စိတ်ကိုဖွင့်ပြီး လုပ်နိုင်သလို လွတ်လွတ်လပ်လပ်နဲ့ ပိုပြီးလုပ်လို့ရတယ်လို့လည်း မြင်တယ်၊ ကျွန်တော်ကိုယ်တိုင် ကြိုက်တာပါ၊ နောက်ပိုင်းတော့ ပရိသတ်တွေကြည့်ရတာ ရိုးမသွားအောင် အတတ်နိုင်ဆုံး စိစစ်ရွေးချယ်ပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်သွားမှာပါ”ဟု ပြောသည်။

ချစ်သူများနေ့အတွက် သီချင်းဖန်တီးနေမှုနှင့်ပတ်သက်၍လည်း အလင်းရောင်က ကျွန်တော် ကားရိုက်တွေနဲ့ မအားလို့ သီချင်းမလုပ်ဖြစ်တာ ကြာပါပြီ၊ Oh My Crush ထွက်ပြီးကတည်းက မလုပ်ဖြစ်တာပေါ့၊ အခုတော့ သီချင်းလုပ်ချင်နေတာနဲ့ လောလောဆယ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ဆရာ ရွှေဂျော်ဂျော်ရေးပေးထားတဲ့ သီချင်းလေး ထွက်ဖြစ်မယ်၊ အင်္ဂလိပ်လို ဆိုတာပါ၊ အင်္ဂလိပ်သီချင်းကို ငါးပိသံနဲ့ ဆိုထားတာပေါ့၊ ချစ်သူများနေ့မှာ သီချင်းထွက်တာက တခြားဘာအစီအစဉ်မှ မရှိပါဘူး၊ အမှတ်တရအနေနဲ့လည်း ဘာလက်ဆောင်မှ မရထားသလို ပေးစရာလည်း မရှိပါဘူး၊ ဒါပေမယ့် ကျွန်တော့်ဖန်တွေက ချစ်ပေးကြလို့ အားမငယ်ပါဘူးဟု ဆက်ပြောသည်။

ကိုလင်း