သထုံအကျဉ်းထောင်အား အကြီးစားပြင်ဆင်ပေးရန် အစီအစဉ်မရှိဘဲ အကျဉ်းထောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် ရန်ပုံငွေ တောင်းခံထားပြီးဖြစ်

နေပြည်တော် ၁၉ ဇွန်

 

 

သထုံအကျဉ်းထောင်အား အကြီးစားပြင်ဆင်ပေးရန် အစီအစဉ်မရှိဘဲ အကျဉ်းထောင်သစ် ဆောက်လုပ်နိုင်ရေး အတွက် သထုံမြို့နယ် ဈေးမသွယ်ကျေးရွာရှိ မြေဧရိယာ ၂၅ ဒသမ ၁၇ ဧကအား ဌာနပိုင် အမည်ပေါက် ရရှိရေးနှင့် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် ရရှိရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ တောင်းခံထားပြီး လက်ရှိ သထုံအကျဉ်းထောင်အား အချုပ်ထောင်အဖြစ် ဆက်လက်ထားရှိသွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ပြောသည်။

 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး (၁၇)ရက် မြောက်နေ့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ “အဆင့် သတ်မှတ်ချက်နှင့် နေရာအကျယ်အဝန်း ကိုက်ညီမှုမရှိသော သထုံအကျဉ်းထောင်အား အကြီးစား ပြင်ဆင် ပေးနိုင်ပါရန်နှင့် အကယ်၍ ဘဏ္ဍာငွေ လုံလောက်မှုရှိပါက သထုံမြို့နယ်၊ ဈေးမသွယ်ကျေးရွာရှိ အကျဉ်း ဦးစီးဌာနပိုင်မြေ (၂၅ ဒသမ ၁၇) ဧကတွင် သထုံအကျဉ်းထောင်အသစ် ရွှေ့ပြောင်းဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

 

 

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က “သထုံ အကျဉ်းထောင်အား ‘ခ’ အဆင့် အကျဉ်းထောင်အဖြစ် သတ်မှတ်ထားပြီး လက်ခံရမည့် အကျဉ်းသား /အချုပ်သားဦးရေမှာ ၅၀ဝ ဦး သတ်မှတ်ထားသော်လည်း လက်ရှိတွင် အကျဉ်းသား/ အချုပ်သားဦးရေ စုစုပေါင်း ၅၃၉ ဦးရှိပါကြောင်း၊ ထိုသို့ သတ်မှတ်ထားသော အကျဉ်းသား/ အချုပ်သားဦးရေထက် ပိုမိုနေသဖြင့် ပေ(၁၃x ၄၀) အဆောင်ငယ် တစ်လုံးနှင့် အကျဉ်းထောင် အိပ်ဆောင်ရှိ အခန်း ၅ ခန်းတွင် ထပ်ခိုးပြုလုပ်၍ လူဦးရေ ကြပ်တည်းမှု မရှိစေရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း။

 

 

သထုံအကျဉ်းထောင်ရှိ လက်ရှိအိပ်ဆောင်ကို နှစ်ထပ်ဆောင်အဖြစ် ပြောင်းလဲ ဆောက်လုပ်မည်ဆိုပါက လက်ရှိတွင်လည်း ထပ်ခိုးပြုလုပ်၍ ထားရှိပြီးဖြစ်သည့်အပြင် အကျဉ်းသားများကို ခေတ္တပြောင်းရွှေ့ ထားရှိရန် နေရာမရှိခြင်းတို့ကြောင့် အကြီးစား ပြင်ဆင်မှု ပြုလုပ်ရန် မဖြစ်နိုင်ပါကြောင်းနှင့် အိပ်ဆောင်သစ် ဆောက်လုပ်ရန်အတွက် မြေနေရာမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ တပ်မတော် တပ်ရင်း/တပ်ဖွဲ့များနှင့် ဝေးကွာမှု မရှိခြင်း၊ လုံခြုံရေး ကောင်းမွန်ခြင်း၊ အုပ်ချုပ်မှု ကိစ္စရပ်များ ဆောင်ရွက်ရန် မြို့နှင့် ဝေးကွာမှု မရှိခြင်း၊ ရေနှင့် လျှပ်စစ်မီး အဆင်ပြေခြင်း စသည့်အချက်များနှင့် ပြည့်စုံသော သထုံမြို့နယ် ဈေးမသွယ်ကျေးရွာ ကွင်းအမှတ် -၆၇၂ (က၊ခ) တွင်ရှိသော အကျဉ်းဦးစီးဌာနပိုင် မြေဧရိယာ ၂၅ ဒသမ ၁၇ ဧက၌ အကျဉ်းထောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပါကြောင်း။

 

 

အဆိုပါ မြေဧရိယာ ၂၅ ဒသမ ၁၇ ဧကအား အကျဉ်းဦးစီးဌာနပိုင် မြေအမည်ပေါက် ရရှိရေးနှင့် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်ရရှိရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အကျဉ်းထောင်သစ် ဆောက်လုပ်ရန် လုပ်ငန်း ၆ ခုအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ၁၉၅၁ ဒသမ ၇၆၁ သန်း တောင်းခံထားရှိပြီး ဖြစ်ပါကြောင်း၊ အကျဉ်းသားတစ်ဦး တစ်ရက်စားစရိတ် ငွေကျပ် ၆၀ဝ ကျပ်နှုန်းသည် နည်းပါးနေသည့်အတွက် အကျဉ်းထောင်များရှိ အကျဉ်းသား/ အချုပ်သား တစ်ဦးလျှင် တစ်ရက် ငွေကျပ် ၉၇၅ ကျပ်နှုန်းဖြင့် လည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်စခန်းများရှိ အကျဉ်းသား/အကျဉ်းသူ တစ်ဦးလျှင် တစ်ရက် ငွေကျပ် ၁၀ဝ၀ ကျပ်နှုန်းဖြင့် လည်းကောင်း တစ်ရက် စားစရိတ်နှုန်းများကို တိုးမြှင့်ရရှိရေး ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၁၇)တွင် ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါသဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်၍ တိုးမြှင့်ဈေးနှုန်းအတိုင်း ကျွေးမွေးလျက်ရှိပါကြောင်း။

 

 

သထုံအကျဉ်းထောင်တွင် ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ကျန်းမာရေးမှူး တစ်ဦးထားရှိပြီး ဆေးကုသရန် ဆေးဝါးများကို ကန့်သတ်ထားခြင်းမရှိဘဲ လိုအပ်သလောက် သုံးစွဲခွင့်ပြုထားပါကြောင်း သာမန်ရောဂါများကို အကျဉ်းထောင်၌ ကျန်းမာရေးမှူးက ကုသပေးပြီး ပြင်ပဆေးရုံသို့ တင်ပို့ရမည့် လူနာများကို သထုံပြည်သူ့ ဆေးရုံသို့ တင်ပို့ကုသပေးလျက် ရှိပါကြောင်း၊ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေး ဦးစီးဌာန လက်အောက်ရှိ တီဘီရောဂါ တိုက်ဖျက်ရေးနှင့် ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့အစည်းများမှလည်း ရွေ့လျားဆေးကုသရေးအဖွဲ့ (Mobile Team) ဖြင့် ကုသဆောင်ရွက်ပေးလျက် ရှိကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

 

 

MDN