သထုံမြို့မှ ဒေသထွက် ခဝဲသီးများ ယခုနှစ်တွင် အထွက်နှုန်းနည်းပြီး ဈေးကောင်း မရ

သုဝဏ္ဏဝတီ   ၁၅   ဇွန်

 

မွန်ပြည်နယ် သထုံမြို့နယ် သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာ၌ ခဝဲစိုက် တောင်သူများအနေဖြင့် ယခုနှစ် စိုက်ပျိုးရာသီတွင် ပိုးကျမူအနည်းငယ် ရှိခဲ့သောကြောင့် ခဝဲသီး အထွက်နှုန်းနည်းပြီး ဈေးနှုန်းမှာလည်း ယခင်နှစ်ကထက် တစ်ပိဿာဈေးနှုန်း ထက်ဝက်ခန့် ကျဆင်းခဲ့ကြောင်း သိရသည်။

 

“ခဝဲပင် ဒေသမျိုးစေ့ တစ်ပြည်ကို ကျပ် ၂၄၀ဝ၀ နဲ့ ဝယ်ပြီး တစ်ဧကလောက် စိုက်ပျိုးထားပါတယ်၊ ကဆုန်လမှာ စတင်စိုက်ပြီး ဝါဆိုလဆို အသီးပေါများစွာ ရပါပြီ၊ မနှစ်က ခဝဲသီးတစ်ပိဿာကို ကျပ် ၅၀ဝ လောက်ရပြီး အခုရာသီမှာ ကျပ် ၂၀ဝ/၃၀ဝ လောက်ပဲ ရပါတယ်၊ အရင်ကတော့ စိုက်ပျိုးစားရိတ် ကျပ် ငါးသိန်းရင်းရင် တစ်ဆယ့်ငါးသိန်းလောက် ရပါတယ်၊ ခု ဈေးနှုန်းနဲ့ဆို အဆင်မပြေဘူးထင်တယ်၊ အရင်က မော်လမြိုင်ဘက်ကို ပို့ရတယ်၊ ခု ဖောက်သည်မရှိတော့ ကျိုက်ထိုမြို့ကို တစ်ပိဿာ ကျပ် ၃၀ဝ နဲ့ပို့ပါတယ်၊ ကျေးရွာမှာတော့ ကျပ် ၂၀ဝ နဲ့ ရောင်းရပါတယ်၊ ဒီနှစ်ကတော့ အရင်းပြန်ရအောင် ကြိုးစားရမယ်၊ ပိုးကျတဲ့အတွက် ပိုးသတ်ဆေးသုံးတဲ့ နည်းစနစ်တွေကိုလည်း သိချင်ပါတယ်”ဟု ကမာစိုင်ကျေးရွာမှ ခဝဲစိုက်တောင်သူ ဦးခင်ဦးက ပြောသည်။

 

သထုံမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ ကျေးရွာများတွင်  ပဲတောင့်ရှည်၊ ခရမ်းသီး၊သခွားသီး၊ ဘူးသီး၊ ကြက်ဟင်းခါးသီး စသော မီးဖိုချောင်သုံး ရာသီပေါ်သီးနှံပင်များကို အများအပြား စိုက်ပျိုးကြပြီး အော်ဂဲနစ် သဘာဝဓါတ်မြေဩဇာကိုသာ အသုံးပြုကြ၍ ခေတ်မီ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး အသုံးပြုပုံ၊ အသုံးချနည်း၊ စိုက်ပျိုးနည်းပညာများ လိုအပ်နေသေးကြောင်း သိရသည်။

 

ခွန်(ဝင်းပ)