သထုံမြို့၌ မော်တော်ယာဉ် အရှိန်ပြင်းစွာမောင်းနှင်ပြီး လမ်းဘေးထိုးကျမှုကြောင့် တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

သထုံ ၂၆ ဇွန်

 

မွန်ပြည်နယ် သထုံမြို့ သိမ်ဆိပ်ကျေးရွာ ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာ၌ ယနေ့ နံနက် ၄နာရီခွဲ ခန့်က အရှိန်ပြင်းစွာ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီး လမ်ဘေးထိုးကျခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သထုံမြို့ သိမ်ဆိပ်ကျေးရွာ ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၁၃၄/၃ နှင့် ၁၃၄/၄ အကြားတွင် သထုံဘက်မှ ဘီးလင်းဘက်သို့ ယာဉ်မောင်း ဦးမင်းသွေးအောင် (၅၃ နှစ်) မြို့မ(၄)ရပ်ကွက် မုဒုံမြို့နယ်နေသူ မောင်နှင်ပြီးယာဉ်ပေါ်တွင် ဒေါ်ကြည်ဝင်း (၅၃ နှစ်) မြို့မ(၄)ရပ်ကွက် မုဒုံမြို့နယ်နေထိုင်သူနှင့် ဒေါ်ခင်ဝင်း  (၅၀ နှစ်) မြို့မ(၄)ရပ်ကွက် မုဒုံမြို့နေသူတို့ စီးနင်းလိုက်ပါလာသော KYN FF/----NISSAN ADVY12 မော်တော်ယာဉ်မှာ အရှိန်ပြင်းစွာ မောင်းနှင်လာပြီး လမ်း၏ ဝဲဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ သဖြင့် ဒေါ်ကြည်ဝင်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် တာဝန်ရှိသူများက သထုံခရိုင်ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသစဉ် သေဆုံးသွားခဲ့သည်။

 

ဒေါ်ခင်ဝင်းတွင် ခါးနာ၊  ယာလက်မောင်းနာကျင် ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်း ဦးမင်းသွေးအောင်တွင် ယာလက်ခလယ်ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဦးမင်းသွေးအောင်အား သိမ်ဆိပ်နယ်မြေရဲစခန်းက ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လှိုင်ထွန်းအောင်(သထုံ)