သထုံမြို့နယ် အောက်ကွင်းကျေးရွာများ၌ ပဲတီစိမ်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး ပဲထွက်ရှိချိန် ဈေးကောင်းရရန်‌  တောင်သူများ မျှော်လင့်နေ

သထုံ၊  ၁၇  ဇန်နဝါရီ       

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အောက်ကွင်းကျေးရွာများတွင် စိုက်ပျိုးသည့် ဆောင်းသီးနှံ ပဲတီစိမ်းများ ယခုနှစ်တွင် အပင်များ အောင်မြင်ဖြစ်ထွန်းနေပြီး ထွက်ရှိချိန်၌ ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း အောက်ကွင်းကျေးရွာများရှိ သောင်ကြီးကျေးရွာ ပဲတီစိမ်းစိုက် တောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က မိုးဖြတ်စောခဲ့တာကြောင့် အထွက်နှုန်းထိခိုက်ခဲ့ပြီး ယခုနှစ်၌ ရာသီဥတု ကောင်းသဖြင့် မိုးစပါးအထွက်နှုန်းကောင်းခဲ့သလို ပဲတီစိမ်းများလည်းဖြစ်ထွန်းကြောင်း သောင်ကြီးကျေးရွာ ပဲစိုက်တောင်သူ ဦးတင်အေးက ပြောသည်။

မနှစ်က ပဲတီစိမ်းစိုက်သူတွေ အတော်လေးရှုံးကြတယ်။ ပဲတွေက မထွက်တော့ ပဲဈေးက တော်တော်လေးကောင်းခဲ့တယ်။ ဈေးအမြင့်ဆုံးအထိကို ရခဲ့တာ။ ဒါကြောင့် ဒီနှစ်မှာ အလုအယက် စိုက်ကြတာ တော်တော်လေးများလာတယ်။ ဒီနှစ် ရာသီဥတုကလည်း အဆင်ပြေတော့ အပင်တွေတော်တော်လေး အောင်မြင်ဖြစ်ထွန်းတယ်။ အထွက်လည်းကောင်းမယ်။ ထွက်ချိန်မှာ ဈေးကောင်းရရင်တော့ တော်တော်လေး အဆင်ပြေကြမယ်။ ဈေးကျမှာကိုတော့ စိုးရိမ်တယ် ပုံမှန်ဈေးလေးရရင်တောင်မရှုံးဘူး‌" ဟု ၎င်းက ပြောသည်။

ယခင်နှစ်က ပဲတီစိမ်းစိုက်ခင်းများ ပျက်စီးခဲ့တာကြောင့် ယခုနှစ်တွင် ပဲမျိုးများရှားပါးပြီး ဈေးကြီးပေးဝယ်ယူ စိုက်ပျိုးခဲ့ကြရသည့်အပြင် ကိုဗစ်ကာလ သွားလာဝယ်ယူခက်ခဲမှုနှင့် သယ်ယူပို့ဆောင်ရေး စားရိတ်များ မြင့်မားလာမှုတို့ကြောင့် စိုက်ပျိုးစားရိတ် အရင်းအနှီးများ ကြီးမြင့်လာကြောင်း ပဲတီစိမ်းစိုက်တောင်သူများက ပြောသည်။

သထုံမြို့နယ်အတွင်း ထွက်ရှိသည့် ပဲတီစိမ်းများကို ဒေသတွင်းစားသုံးမှု အနည်းငယ်သာရှိပြီး အများစုမှာ ပဲခူး ပဲဒိုင်တွေဆီ တင်ပို့ကြကြောင်း သိရသည်။

သထုံမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ပဲတီစိမ်း၊ ပဲလွန်း၊ မတ်ပဲ၊ မြေပဲစသည့် ပဲမျိုးစုံနှင့် နွေစပါးတို့ကို စိုက်ပျိုးကြပြီး ယခုနှစ်တွင် ပဲတီစိမ်းစိုက်ဧကပေါင်း ၁၆၉၈၉ ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

သက်ဦး(သထုံ)

IMG_20210117_15200217