သထုံမြို့နယ် ဝါးပါးဆည်နှင့် ဒုံသမိမြစ်အတွင်း ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်

သထုံ    ဇွန်     ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဝါးပါးဆည်နှင့် ဒုံသမိမြစ်အတွင်းသို့ သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်ကောင်ရေ တစ်သိန်းကျော်ကို ဇွန် ၂၇ ရက်၊ နံနက်က မျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ငါးသယံဇာတတိုးပွားပြီး ဒေသတွင်းငါးစားသုံးမှုဖူလုံရေးအတွက် မျိုးစိုက်ထည့်ပေးရခြင်းဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှလှဝေက ပြောသည်။

"ဒီလို ရေပြင်တွေမှာ ထည့်သွင်းပေးရာကနေ လယ်တွေချောင်းတွေဆီ ပြန့်သွားမယ် ဒါဆိုရှားပါးလာတဲ့ ငါးမျိုးစိတ်တွေကို ထိန်းသိမ်းရာလဲရောက်မယ်  လယ်မြေချောင်းမြောင်းတွေကနေ့ ပြည်သူတွေ ဖမ်းဆီးစားသောက်နိုင်တဲ့အတွက် သူတို့လည်းအဆင်ပြေသွားမယ်'' ဟု၎င်းကပြောသည်။

ငါးမျိုးစိုက်ထည့်ရာတွင် ငါးမြစ်ချင်းငါးသားပေါက်များကို ဝါးပါးဆည်အတွင်းသို့ ကောင်ရေ တစ်သိန်းနှင့် ဒုံသမိမြစ်အတွင်းသို့ ကောင်ရေ နှစ်သောင်း၊ စုစုပေါင်း ငါးသားပေါက် ကောင်ရေ တစ်သိန်းနှစ်သောင်းကို ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း မျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ယခုနှစ်တွင် မွန်ပြည်နယ်ရှိ ဆည်မြောင်းတာတမံများ၊ လယ်ကြားမြောင်းများ၊ စပါးစိုက်ခင်းများ စသည့်သဘာဝရေပြင်များသို့  ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ငါးကြင်းဖြူ ငါးသိုင်းခေါင်းပွ၊ တီလားဗီးယား၊ မြက်စားငါးကြင်း၊ ငါးတန်၊ ငါးမုတ် စသည့် ငါးမျိုးများ သားပေါက်ကောင်ရေ ရှစ်သိန်းကျော်ကို အခမဲ့မျိုးစိုက်ထည့်ပေးနိုင်ရန် လျှာထားကြောင်း ပြည်နယ်ငါးလုပ်ငန်းစခန်း(သထုံ)မှ သိရသည်။

သက်ဦး(သထုံ)