သထုံ၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းဖွင့်

သထုံ   ၁၅  ဇန်နဝါရီ  

 

ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြု ဗဟိုဌာနခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

 

အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်ဦးက အမှာစကားပြောကြားပြီး ခရိုင် ရွေးကောက်ပွဲအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

သင်တန်းတွင် သင်တန်းသား သင်တန်းသူ ၂၇ ဦးတို့အား ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ နည်းပြများက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်၊ ကြိုတင်ဆန္ဒမဲပေးခြင်းတို့ကို ဆွေးနွေးပို့ချခဲ့သည်။

 

အဆိုပါ သင်တန်းကို နှစ်ရက်ကြာပြုလုပ်မည်ဖြစ်ကာ သင်တန်းဖွင့်ပွဲသို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် အဖွဲ့ဝင်များ၊ သထုံခရိုင် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ပေါင်မြို့နယ်တို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

 

သက်ဦး(သထုံ)