သတိပြုဆောင်ရွက်သင့်သည့် မြေဆီလွှာထိန်းသိမ်းရေးနည်းလမ်းများ

 

မာရီးထွေး (စိုက်ပျိုးရေးဦးစီးဌာန)

 

မြေဆီလွှာထိန်းသိမ်းရေးဆိုသည်မှာ

 

မြေဆီလွှာထိန်းသိမ်းရေးဆိုသည်မှာ မြေဆီလွှာ၏ ထုတ်လုပ်နိုင်စွမ်း (productive capacity) ကို ထိန်းသိမ်းရန်၊ ရွာသွန်းသည့်မိုးရေကို အကျိုးရှိရှိအသုံးချရန်နှင့် ယင်းရွာချသည့်မိုးရေနှင့်အတူ မြေဆီလွှာများ တိုက်စားမျောပါ မသွားစေရန်အတွက် ရေမြေဒေသနှင့် ကိုက်ညီသည့် မြေဆီလွှာ ထိန်းသိမ်းရေး ဆောင်ရွက်ချက်လုပ်ငန်းများ ဖြစ်သည်။

 

မြေဆီလွှာထိန်းသိမ်းရေး၏ သမိုင်းကြောင်းအစ

 

မြေဆီလွှာထိန်းသိမ်းရေး၏ သမိုင်းကြောင်းကို ဆွေးနွေးရမည်ဆိုလျှင် မြေဆီလွှာထိန်းသိမ်းရေး၏ ဖခင်ကြီးဖြစ်သော Hugh Ham-mond Bennett မှ စတင်ရမည် ဖြစ်ပါသည်။ H.H. Bennett သည် ရေနှင့်လေတို့၏ တိုက်စားမှုကြောင့် စိုက်ပျိုးမြေများ၏ ရေရှည် ထုတ်လုပ်နိုင်စွမ်းအားကျဆင်းခြင်း၊ မြေဆီလွှာ၏ လက္ခဏာများ လျော့နည်းလာခြင်းကို တွေ့ရှိပြီးနောက် ၁၉၂၈ ခုနှစ်တွင် “မြေဆီလွှာ တိုက်စားခြင်း-အမျိုးသားရေးအန္တရာယ်(Soil Erosion:A National Menace)” ဟူသည့် ဆောင်းပါးကို ရေးသားခဲ့ပြီး မြေဆီလွှာတိုက်စား ခြင်း၏ အကျိုးဆက်များကို စတင်မိတ်ဆက်ပေးခဲ့သူဖြစ်ပါသည်။ ထို့ကြောင့် ၁၉၃၂ ခုနှစ် ဝန်းကျင်များတွင် ရေနှင့်မြေဆီလွှာ ထိန်းသိမ်း ရေးလုပ်ငန်းများသည် အမေရိကန်နိုင်ငံ၏ ပထမအဆင့်ဦးစားပေး လုပ်ငန်းများ ဖြစ်လာခဲ့သည်။

 

မြေဆီလွှာထိန်းသိမ်းရေး၏ ရည်ရွယ်ချက်

 

မြေဆီလွှာထိန်းသိမ်းရေး၏ ရည်ရွယ်ချက်များမှာ မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ရန်နှင့်လျှော့ချရန်၊ အပေါ်ယံမြေမျက်နှာ ပြင်တွင် ရေစီးဆင်းမှုကိုထိန်းချုပ်ရန်၊ မြေကျပ်ခြင်းနှင့် ဆားပေါက်သည့်ပြဿနာများ လျော့နည်းလာစေရန်၊ မြေဆီလွှာအာဟာရဓာတ် ကြွယ်ဝလာစေရန်၊ မြေအောက်ရေ တိုးလာစေရန်အတွက် သွင်းရေ၊ ပိုလျှံနေသောရေများနှင့် မိုးရေများကို စုဆောင်းထိန်းသိမ်းရန်တို့ ဖြစ်သည်။

 

မြေဆီလွှာနှင့် ရေထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းလမ်း(၃)သွယ်ဖြစ်သည့်

 

(၁) ရုပ်ပိုင်းဆိုင်ရာနည်းဖြင့်ထိန်းသိမ်းခြင်း(Physical Measure)

(၂) အပင်များ၊သဘာဝပေါက်ပင်များ စိုက်ပျိုးခြင်းဖြင့် ထိန်းသိမ်း ခြင်း(Biological Measure)နှင့်

(၃) သီးနှံစိုက်နည်းစနစ်များ ပုံစံများအသုံးပြု၍ မြေဆီလွှာ ထိန်းသိမ်းခြင်း (Agronomic Measure) ဖြင့် ဆောင်ရွက် နိုင်သည်။

 

သို့သော် တစ်မျိုးချင်းစီဆောင်ရွက်ခြင်းထက် ရေမြေရာသီဥတု အခြေအနေအပေါ်မူတည်၍ တစ်နည်းထက်ပို၍ ပေါင်းစပ်ဆောင်ရွက် သင့်ပါသည်။

 

(၁)  ရုပ်ပိုင်းဆိုင်ရာနည်းဖြင့် ထိန်းသိမ်းခြင်း

 

 မြေဆီလွှာနှင့် ရေထိန်းရန်အတွက် မြေသား/ကျောက်သားများဖြင့် ရုပ်ပိုင်းဆိုင်ရာ ကွန်တိုကန်သင်းများ၊ ဆည်များ တည်ဆောက်ခြင်း ဖြစ်ပါသည်။ နုန်းတားကန်သင်း/ ကျောက်စီကန်သင်းများ တည် ဆောက်ခြင်းအားဖြင့် မြေကြီးထဲသို့ ရေစိမ့်ဝင်မှုတိုးလာစေပြီး ရေထိန်း နိုင်စွမ်းအား ကောင်းလာစေသည်။ တိုက်စားစီးဆင်းရေ၏ ပမာဏနှင့် ရေစီးအရှိန်ကို လျှော့ချနိုင်ပြီး အပင်များမှစုပ်ယူနိုင်သော ရေပမာဏ ကိုလည်း တိုးလာစေနိုင်ပါသည်။ ထို့ကြောင့် သီးနှံစိုက်ပျိုးရာသီ တစ်လျှောက် အပင်မှ အစိုဓာတ်ရရှိနိုင်သဖြင့် သီးနှံစိုက်ပျိုးနိုင်သည့် စိုက်ဧက တိုးလာပြီး သီးနှံအထွက်ကိုပါ တိုးလာနိုင်စေပါသည်။

 

ရုပ်ပိုင်းဆိုင်ရာနည်းဖြင့် ထိန်းသိမ်းခြင်းနည်းဖြင့် အပူပိုင်းဒေသတွင် ဆောင်ရွက်နိုင်သည့် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများ မှာ-

 

(၁) နုန်းတားဆည် (Sediment Storage Dam)

(၂) နုန်းတားကန်သင်း (Sediment Storage bund)

(၃) ကွန်တိုကန်သင်း (Stone/Soil contour bund)

(၄) ရေကျော်ကျောက်တန်း (Check dam)

(၅)      အပင်စိုက်ကျင်းများ (Planting Pits) ဖြစ်သည်။

 

(၂) အပင်များ၊ သဘာဝပေါက်ပင်များ စိုက်ပျိုးခြင်းဖြင့် ထိန်းသိမ်းခြင်း

 

မိုးရေပေါက်များ မြေဆီလွှာကို တိုက်ရိုက်ထိမှန်ခြင်း မရှိစေရန်နှင့် မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ရန်အတွက် အပင်/သဘာဝပေါက်ပင်နှင့် မြက်ပင်များ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကို ကာကွယ်သည့်နည်းစနစ် ဖြစ်ပါသည်။ ဤစနစ်ကိုအသုံးပြုခြင်းအားဖြင့် မြေဆီလွှာရေတိုက်စားမှုကို ကာကွယ်နိုင်ခြင်း၊ တိုက်စားစီးဆင်း ရေ၏အရှိန်ကိုလျှော့ချနိုင်ပြီး နုန်းအနည်များနှင့် မြေမှုန်များ စုပုံလာစေခြင်း၊ အပင်များစိုက်ပျိုးခြင်းအားဖြင့် သစ်ဆွေးဓာတ်များ ကြွယ်ဝလာ၍ မြေဆီလွှာ၏ဂုဏ်သတ္တိများ ကောင်းလာခြင်း၊ အပင်အမြစ်များ ထိုးဆင်းမှုကြောင့် မြေမှုန်ဖွဲ့စည်းမှုကောင်းလာပြီး ရေစိမ့်ဝင်နိုင်မှုကောင်းလာခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေ နိုင်ပါသည်။

 

အပင်များ၊ သဘာဝပေါက်ပင်များ စိုက်ပျိုးခြင်းဖြင့် မတ်စောက်သော ကုန်းမြင့်နေရာများမှ စီးဆင်းလာသည့် နုန်းအနည်အနှစ်များ၊ မြေမှုန်များ၊ အာဟာရဓာတ်များနှင့် ဓာတုပိုးသတ်ဆေးများကို စုဆောင်းဖမ်းယူနိုင်ပြီး ပေါင်းမြက်ပေါက်ရောက်မှုကိုလည်း နှိမ်နင်း နိုင်ပါသည်။ အပင်များ၊ သဘာဝပေါက်ပင်များ စိုက်ပျိုးခြင်းနည်းဖြင့် မြေဆီလွှာနှင့်ရေကို ထိန်းသိမ်းနိုင်သော နည်းလမ်းများမှာ-

 

(၁) လေကာပင်များ (သို့မဟုတ်)အကာအကွယ် ချုံပုတ်ပင်များ စိုက်ပျိုးခြင်း

(၂) သဘာဝရေသွင်း/ရေထုတ်မြောင်းများတွင် မြက်များ စိုက်ပျိုး ခြင်း

(၃) သစ်တောများပြန်လည်စိုက်ပျိုးခြင်း

(၄)      သဘာဝအပင်စိုက်တန်းများ စိုက်ပျိုးခြင်း

(၅)      ဗက်တီဗာနှင့် နေဗီယာမြက်များ စိုက်ပျိုးခြင်း

(၆) စည်းရိုးတန်းများစိုက်ပျိုးခြင်းတို့ ဖြစ်ပါသည်။

 

(၃) သီးနှံစိုက်နည်းစနစ်များ ပုံစံများအသုံးပြု၍ ထိန်းသိမ်းခြင်း

 

သီးနှံစိုက်နည်းစနစ်များနှင့် သီးနှံပုံစံများ၊ မြေယာအသုံးချမှုပုံစံနှင့် မြေယာပြုပြင်စီမံသည့် နည်းစနစ်များ (Soil management) စသည် တို့ကို ဆောင်ရွက်ခြင်းအားဖြင့် မြေဆီလွှာတိုက်စားခြင်းကို ကာကွယ် သောနည်းလမ်း ဖြစ်ပါသည်။

 

သီးနှံစိုက်နည်းစနစ်များ ပုံစံများအသုံးပြု၍ မြေဆီလွှာ ထိန်းသိမ်းခြင်းအားဖြင့် မြေဆီလွှာကို အကာအကွယ်ပေးခြင်း၊ ဖုံးထားပေးခြင်း ဖြင့် မြေဆီလွှာတိုက်စားမှုကို လျော့နည်းသက်သာစေပြီး အစိုဓာတ်ကို ထိန်းထားနိုင်ခြင်း၊ သစ်ဆွေးဓာတ်နှင့် အာဟာရဓာတ်များ မြေကြီး ထဲသို့ ပြန်လည်ထည့်သွင်းပေးနိုင်ခြင်း၊ လွှတ်ကျောင်းစနစ်များစီမံ ခြင်းဖြင့် မြေဆီလွှာတိုက်စားမှု လျော့နည်းစေခြင်း၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းအားဖြင့် ဂေဟစနစ်ကို ပိုမိုကောင်းမွန်လာစေ ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

 

စိုက်နည်းစနစ်များဖြင့် မြေဆီလွှာထိန်းသိမ်းခြင်းတွင် အကန့်လိုက်စိုက်ပျိုးခြင်း (Strip cropping)၊ သီးရောစိုက်ပျိုးခြင်း(Mixed cropping)၊ သီးလှည့်စိုက်ပျိုးခြင်း (Crop rotation)၊ မြေလှပ်ခြင်း (Intercropping)၊ သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေး (Conservation tillage)၊ ထယ်ရေးမဲ့စိုက်ပျိုးခြင်း (Zero tillage) နှင့် အနည်းဆုံး ထွန်ယက်စိုက်ပျိုးခြင်း(Minimum tillage) တို့ ပါဝင်သည်။

 

မြေဆီလွှာစီမံခန့််ခွဲမှုနှင့် မြေဆီလွှာထိန်းသိမ်းခြင်းတို့တွင် စားကျက်မြေများကို စနစ်တကျစီမံခြင်း၊ ကွန်တိုအလိုက် ထယ်ထိုး ထွန်မွှေခြင်း၊ သီးနှံပင် အကြွင်းအကျန်များဖြင့် မြေဖုံးခြင်း၊ မြေဖုံးပင် စိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာ စိုက်ပျိုးထည့်သွင်းခြင်း၊ မြေဆွေး ပြုလုပ်၍ သဘာဝမြေဩဇာထည့်သွင်းခြင်းနှင့် မြေဆီဩဇာ ထက်သန်စေရန် ဓာတုမြေဩဇာများကို စနစ်တကျအသုံးပြုခြင်းတို့ ဖြစ်ပါသည်။

 

မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက်မည့်ဒေသ၏ မြေယာပုံသဏ္ဌာန် (တောင်ယာ/ကိုင်း/လယ်)၊ မြေယာအသုံးချမှု (စိုက်ပျိုးမြေ၊ စားကျက်မြေ၊ သစ်တောမြေ၊ လျှိုမြောင်)၊ မြေအမျိုးအစား၊ လျောစောက်ရာခိုင်နှုန်း၊ မြေသားအနက်၊ မိုးရွာသွန်းမှု(မိုးရေချိန်)၊ စိုက်ပျိုးသည့်သီးနှံ၊ ကျောက်တုံး ကျောက်ခဲ၊ ခိုင်းကျွဲ/နွား ရရှိနိုင်မှု၊ အလုပ်သမားရရှိနိုင်မှုနှင့် ငွေကြေးကုန်ကျစရိတ် အပေါ်မူတည်ပြီး ဆောင်ရွက်ရပါသည်။

 

မြေဆီလွှာထိန်းသိမ်းရေး လက်တွေ့ဆောင်ရွက်ရာတွင် အရေးကြီးသည့် အချက်များ

 

ထို့ကြောင့် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်သူများ၏ မြေဆီလွှာ တိုက်စား ဆုံးရှုံးမှုနှင့်ဆိုင်သည့် ဗဟုသုတ၊ သဘာဝအရင်းအမြစ်ရေနှင့် မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ချင်သည့် ဆန္ဒသဘောထား၊ စိတ်အားထက်သန်မှုနှင့် လက်ခံမှုတို့သည် အင်မတန် အရေးကြီးပါသည်။ ထို့ပြင် မြန်မာနိုင်ငံအလယ် ပိုင်းကဲ့သို့ ဒေသများတွင် ဆောင်ရွက်ရသည့် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများသည် ရုပ်ပိုင်းဆိုင်ရာနည်းဖြင့်   ဆောင်ရွက်ရခြင်း ဖြစ်သဖြင့် နုန်းတားဆည်/ကွန်တိုကန်သင်းများ တည်ဆောက်ရာတွင် မြေနေရာယူခြင်း၊ စိုက်ခင်းဧရိယာပုပ်ခြင်း၊ ထွန်/ထယ်ဝင်ရာတွင်လည်း ကန်သင်းပတ်လည်တွင်   နွားလှည့်ရခက်ခဲခြင်းတို့ကြောင့် တောင်သူများ၏လက်ခံမှုနှင့် အနီးအနားရှိတောင်သူများ၏ ပူးပေါင်း ဆောင်ရွက်မှု၊ ငွေကြေးအထောက်အပံ့ပေးနိုင်မှုနှင့် တည်ဆောက်ပြီးသည့်အခါတွင်လည်း ဆက်လက်ထိန်းသိမ်းရန်လိုအပ်မှု ဆန္ဒသဘောထားများသည် မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများဖြစ်ပါသည်။

 

သို့ရာတွင် မြေဆီလွှာသည် စာရေးသူတို့လူသားမျိုးနွယ်အားလုံး၏ စား၊ ဝတ်၊ နေရေး အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အဓိကကျပြီး ပြန်လည်အစားထိုး၍ မရနိုင်သည့် သဘာဝအရင်းအမြစ်ဖြစ်သည့်အပြင် မြေဆီလွှာဖြစ်ပေါ်မှုသည် အချိန်ကြာသည့်အတွက် မြေဆီလွှာကို တိုက်စားပျက်စီးခြင်းမဖြစ်မီ ကြိုတင်ကာကွယ်ခြင်း နှင့် ထိန်းသိမ်းရေးလုပ်ငန်းများသည် အရေးကြီးပါသည်။

 

ထို့ပြင် ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုဖြစ်စဉ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ပတ်ဝန်းကျင်နှင့်သက်ရှိများ၊ သဘာဝပေါက်ပင်များနှင့် သဘာဝသယံဇာတများကို အလွန်အကျွံသုံးစွဲလာမှု၊ လူတို့၏ပြုပြင်ဖန်တီးမှု၊ နေထိုင်မှုပုံစံတို့ကြောင့် ဂေဟစနစ်များ ယိုယွင်းလာပြီး Biodiversity ဆုံးရှုံးမှုများလာခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ မိုးခေါင်ရေရှား ပြဿနာများသည် ယနေ့ ၂၁ ရာစု၏ စိန်ခေါ်မှုများပင်ဖြစ်ရာ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သဘာဝသယံဇာတ အရင်းအမြစ် မြေဆီလွှာကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်လာပါကြောင်း တိုက်တွန်းအပ်ပါသည်။ ။