သတိပြုကာကွယ် အပူဒဏ်အန္တရာယ်

ဖြိုးစန္ဒာ (MDD)

ကမ္ဘာ့ရာသီဥတုသည် ပူပြင်းခြောက်သွေ့သော အယ်လ်နီညိုရာသီ ဥတုဖြစ်စဉ်များ ဖြစ်ပေါ်နေခြင်းကြောင့် ကမ္ဘာကြီးပူနွေးမှုနှင့်အတူ သဘာဝပတ်ဝန်းကျင်များ ထိခိုက်လာပြီး ပုံမှန်ထက် ရာသီဥတုပြင်းထန်ဆိုးရွားလာမှုကို လူသားတို့ ပိုမိုခံစားလာကြရသည်။
 
ယနေ့အခါ လူတိုင်း၏ ပါးစပ်ဖျား၌ စကားတစ်ခွန်းကို နေရာတိုင်းလိုလို ကြားနေရသည်။ ထိုစကားသည်ကား “ပူလိုက်တာ” ဟူသော စကားပင်ဖြစ်သည်။ “တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော မြန်မာဆိုရိုးစကားအတိုင်း မြန်မာအခေါ် တန်ခူးလနှင့် ကဆုန်လ၊ အင်္ဂလိပ်လဖြစ်သော ဧပြီလနှင့် မေလ တို့တွင် အပူချိန်များသည် တစ်နှစ်ထက် တစ်နှစ် တိုး၍သာလာသဖြင့် အပူချိန်မြင့်မားလာခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအန္တရာယ်များကို သတိပြုကာကွယ်ကြရန် လိုအပ်ပေသည်။

ကမ္ဘာ့အပူဆုံးမြို့ ၁၀ မြို့စာရင်းတွင် မြို့ငါးမြို့

၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် Eldorado weather ၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့အပူဆုံးမြို့ ၁၀ မြို့စာရင်းတွင် မြန်မာနိုင်ငံမှ မြို့ငါးမြို့ဖြစ်သည့် မကွေး တိုင်းဒေသကြီး ချောက်မြို့သည် အပူချိန် ၄၆ ဒသမ ၄ စင်တီဂရိတ်ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေပြီး မန္တလေးတိုင်းဒေသကြီးရှိ ညောင်ဦးမြို့သည် ၄၄ ဒသမ ၈ စင်တီ ဂရိတ်ဖြင့် အဆင့် (၃) နေရာတွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးရှိ မင်းဘူးမြို့နှင့် မကွေးမြို့တို့သည် ၄၄ ဒသမ ၅ စင်တီဂရိတ်ဖြင့် အဆင့် (၄)နှင့် (၅) တွင်လည်းကောင်း၊ မန္တလေးမြို့သည် ၄၃ ဒသမ ၈ စင်တီဂရိတ်ဖြင့် အဆင့်(၁၀)နေရာတွင်လည်းကောင်း အသီးသီး ရပ်တည်လျက်ရှိကြောင်း သိရသည်။

နွေရာသီကာလတွင် အပူချိန် မြင့်မားခြင်းမှာ နှစ်စဉ်ကြုံတွေ့နေကျ သဘာဝတရားဖြစ်သော်လည်း ယခုနှစ်တွင် ကြုံတွေ့နေရသည့် အယ်လ်နီညို ရာသီဥတု၏ အကျိုးသက်ရောက်မှုနှင့်အတူ ပြင်းထန်သည့်အပူချိန်ကြောင့် အပူလျှပ်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ ရုတ်တရက် သေဆုံးခြင်းကဲ့သို့သော ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ မြင့်မားသည့်အပူချိန်ကို ကာလကြာရှည် ခံစားရပါက အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများဖြစ်ပွားခြင်း၊ နှလုံး၊ သွေးတိုး၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါများဖြစ်ပွားခြင်း၊ အရွယ်မတိုင်မီ သေဆုံးခြင်းတို့ဖြစ်ပေါ်စေနိုင်ပါသည်။

အပူဒဏ်ကို လူတိုင်းခံစားကြရခြင်း ဖြစ်သော်လည်း သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါ တစ်ခုခုရှိသူများ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ၊ ကလေးငယ်များ၊ နေပူချိန်ပြင်ပတွင် အလုပ်လုပ်ကြရသူများ၊ ကာယလုပ်သားများ စသည်တို့မှာ အပူဒဏ်ကို ပို၍ထိခိုက်ခံစားကြရသည်။  ထို့ကြောင့် ၎င်းတို့အနေဖြင့် နေ့လယ်နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက် ကောင်းသော နေရာများတွင် နေထိုင်ခြင်း၊ ပူပြင်းသည့်နေရောင်အောက်တွင် ပြင်းထန်စွာ အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ပူပြင်းသည့် နေရောင်အောက်တွင် မဖြစ်မနေသွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါကလည်း ထီး၊ ဦးထုပ်များ ယူဆောင်သွားရမည်ဖြစ်ပြီး အရောင်ဖျော့သောပွပွ ချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပြီး အပူဒဏ်ကို ကာကွယ်သင့်ပါသည်။

ခန္ဓာကိုယ်အတွင်း အပူငြိမ်းသောအစားအစာများ

ထို့အပြင် ပြင်ပရာသီဥတု ပူပြင်း လွန်းသည့်အတွက် ခန္ဓာကိုယ်အတွင်း အပူငြိမ်းသော အစားအစာများကို စားသုံးပေးခြင်းသည်လည်း အပူဒဏ် ကာကွယ်ရေးအတွက် အထောက်အကူ တစ်ရပ်ဖြစ်စေမည်ဖြစ်ပါသည်။ ဥပမာ- ရေများများသောက်ခြင်း၊ အရည်ရွှမ်း သောအသီးအနှံများကို စားသုံးသင့်သလို နေပူရှိန်ပြင်းထန်နေချိန်တွင် ချင်း၊ ငရုတ်ကောင်း၊ ငရုတ်သီး၊ ချောကလက်၊ ဆိုဒါနှင့် ဆီကြော်မုန့်အမျိုးမျိုး၊ အရက် နှင့်ကော်ဖီတို့ သောက်သုံးခြင်းနှင့် နေပူရှိန်ပြင်းထန်သည့်အချိန် အပြင်မှ ပြန်လာလျှင် ရေခဲရေသောက်ခြင်းတို့ကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။

အပူဒဏ်အန္တရာယ် ခံစားနေရသည့် လူနာကို အရေးပေါ်ရှေးဦးပြုစုရာတွင် အရိပ်ရအေးမြသောနေရာ၊ ပန်ကာ/အဲကွန်းရှိသောနေရာတွင် လူနာကို ရွှေ့ပြောင်းထားရှိရန်၊ လူနာကို ဆေးရုံ/ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ရန်၊ ဆေးရုံ/ ဆေးခန်းသို့ ပို့ဆောင်နေစဉ် လူနာ၏ခြေရင်းဘက်ကို မြှင့်ထားပေးပြီး လူနာကိုပက်လက်ထားရန်၊ လူနာ၏ အဝတ်အစားများကို ချွတ်ပေးရန်၊ လူနာ ကောင်းစွာသတိရနေပါက ရေအေးအေး တိုက်ပေးရန်၊ လူနာ၏ကိုယ်ပေါ်သို့ ရေအေးအေးဖျန်းပေးရန်၊ လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက် တို့ကို ရေအေးအေး/ ရေခဲရေစိမ်ထားသော ရေဖတ်အဝတ်များဖြင့် အုပ်ပေးရန်၊ လူနာကို ပန်ကာလေမှုတ်ပေးရန်/ယပ်ခတ်ပေးရန်တို့ကို ပြုလုပ်ပေးကြရမည်ဖြစ်သည်။

အပူရှိန်မြင့်မားမှု ဘေးအန္တရာယ်များ အသိ၊ သတိဖြင့် ကြိုတင်ကာကွယ်

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြည်သူများ အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အပူဒဏ်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များ၊ ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းများ မြင့်မားနေသည့်အတွက် ကာကွယ်နိုင်ရေး နည်းလမ်းများကို ရုပ်မြင်သံကြားတွင် လည်းကောင်း၊ သတင်းစာများတွင် လည်းကောင်း ထုတ်လွှင့်ဖော်ပြပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မျက်စိဖွင့်၊ နားစွင့်ပြီး အပူရှိန်မြင့်မားမှု ဘေးအန္တရာယ်များ မဖြစ်ပေါ်ရလေအောင် အသိ၊ သတိဖြင့် ကြိုတင်ကာကွယ်သင့်ပါသည်။

ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့် ဆိုစကားအတိုင်း နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ လွင်တီး ခေါင်ပြင်၊ မြစ်၊ ချောင်းကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်း စသည်တို့ကို ရှောင်ကြဉ်ခြင်း၊ အရက်သေစာ သောက်သုံးခြင်းကြောင့်  အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်သဖြင့် အရက်သောက်သုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်းနှင့် အပူချိန် မြင့်မားမှုဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ကာ ကိုယ်လက်မအီမသာဖြစ်ပြီး မူးမော်ခြင်းတို့ ဖြစ်စေ နိုင်သည့်အတွက် ကြုံလာရသည့် ရာသီဥတုအန္တရာယ်ကို အသိဉာဏ်ဖြင့် ကာကွယ်ကြရမည်ဖြစ်သည်။

အပူဒဏ်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ

ထို့အပြင် လူတိုင်း အပူဒဏ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရှိကြရန်လိုအပ်ပြီး အရေးပေါ် အခြေအနေများ ကြုံတွေ့လာရပါက အပူဒဏ်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်းပို့ဆောင်ပေးရန်လိုအပ်ပေသည်။

ထိုသို့ နေ့အပူချိန်မြင့်တက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် မြန်မာနိုင်ငံရှိ အချို့ဒေသများတွင် နွေရာသီကာလ အပူရှိန်မြင့်မားမှုဒဏ်၊ သောက်ရေသုံးရေ ရှားပါးမှုဘေးဒဏ်၊ မီးဘေးဒဏ်၊ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးမှုဘေးများနှင့် ကျန်းမာရေးထိခိုက်မှု ဘေးဒဏ်များကိုလည်း ကြုံတွေ့နေရသည်ဖြစ်ရာ ယင်းအခက် အခဲများကို ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းကာ ယင်းအခက်အခဲကို နှစ်စဉ်ဝိုင်းဝန်း ဖြေရှင်းလျက်ရှိနေကြသည်။

အပူချိန်မြင့်မားခြင်း၊ မုန်တိုင်း ဖြစ်ပေါ်မှု မမှန်ခြင်းများ ဖြစ်ပေါ်လေ့ရှိသည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဒေသအချို့တွင် နေ့အပူချိန်များ ပိုမိုမြင့်တက်လျက်ရှိကာ အချို့ဒေသများတွင် ပုံမှန်မဟုတ်သော မိုးရွာသွန်းခြင်း များ ဖြစ်ပေါ်နေသည့်အတွက် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မိုးလေဝသသတင်းများကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးချက်များကိုလည်း အမြဲနားစွင့်ထားရမည်ဖြစ်သည်။

လူသားတို့သည် မိမိတို့၏ “အသက်ရှည်ရာ အနာမဲ့ကြောင်း” အတွက် အပူဒဏ် ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များအတိုင်း လိုက်နာနေထိုင်ပြီး အပူဒဏ်ကို သတိပြု၊ အန်တုနိုင်ကြပါစေကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။

ကိုးကား-သတင်းစာအယ်ဒီတာ့အာဘော်များ

အပူချိန်မြင့်မားမှုကာကွယ် ဥတုသပ္ပါယမျှတစွာနေထိုင်

(မြန်မာ့အလင်းအယ်ဒီတာ့အာဘော်) အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ် (မြဝတီသတင်းစာအယ်ဒီတာ့အာဘော်) 

https:// www. moi. gov. mm/news/54485
https:// www. myawady. net. mm/node/39991