သတ်မှတ်ချက်နှင့် ကိုက်ညီသည့် တောင်သူလယ်သမားများ အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်သူများ ချေးငွေစည်းမျဉ်း၊ စည်းကမ်းများအတိုင်း စိုက်ပျိုးစရိတ် ချေးယူနိုင်

နေပြည်တော် ၁၇ မေ

 

သတ်မှတ်ချက်နှင့် ကိုက်ညီသည့် တောင်သူလယ်သမားများ အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်သူများကို ချေးငွေစည်းမျဉ်း၊ စည်းကမ်းများကိုလေ့လာပြီး သက်ဆိုင်ရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် လိုအပ်သည်များကို ဖြည့်စွက်၍ သတ်မှတ်ထားသည့် ပုံစံ(၇)ကိုလည်း အာမခံပေးပြီး ချေးနိုင်ပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြောသည်။

 

“တောင်သူလယ်သမားများ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် နှစ်ရှည်ချေးငွေ ကဲ့သို့သော အထောက်အပံ့ဖြစ်စေမည့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ” ကို အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို က မေးမြန်းခဲ့ပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက “နိုင်ငံတော်ပိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် မြန်မာစီးပွားရေးဘဏ်ထံမှ ရရှိသော ရန်ပုံငွေများဖြင့် တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ် ချေးငွေများကို နှစ်စဉ်နှစ်တိုင်း နွေ၊ မိုး၊ ဆောင်း သုံးရာသီအတွက် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေး ပေးလျက်ရှိပြီး သီးနှံပေါ်ချိန်တွင် ပြန်လည်ကောက်ခံပါကြောင်း၊ ယင်းသို့ ကောက်ခံပြီးနောက် မြန်မာ့စီးပွားရေးဘဏ်သို့ နှစ်ချင်းပြန်လည်ပေးဆပ်ရပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်သို့ နှစ်ချင်း ပြန်လည်ပေးဆပ်ရခြင်းမှာ တောင်သူလက်ဝယ်ငွေမရှိသည့် အချိန်တွင်မှ ကောက်ခံပါက တောင်သူများအတွက် ကြွေးဝန်ထုပ်ဝန်ပိုးများ ဖြစ်နိုင်ခြင်း၊ ဆုံးရှုံးနိုင်ခြေ ပိုမိုများပြားခြင်း စသည်တို့ကြောင့် စိုက်ပျိုးစရိတ်ချေးငွေအား နှစ်ချင်း ပြန်လည်ပေးဆပ်စေသည့်စနစ်ကို ရှေးယခင် အစဉ်အဆက်ကပင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။

 

ယခင်ကဆိုလျှင် နှစ်ရှည်ချေးငွေနှင့်ပတ်သက်၍ သမိုင်းကို ပြန်ကြည့်သည့် အခါတွင်လည်း မရှိသလောက်ရှားပါကြောင်း၊ ယခုမှသာ နှစ်ရှည် ချေးငွေ၊ နှစ်လတ်ချေးငွေအဖြစ် ၃ နှစ် ၅ နှစ် သတ်မှတ်ပြီး ချေးနိုင်သည့် အခြေအနေမျိုးကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ JICA မှ ရသည့်ငွေများကို ၃ နှစ် ၅ နှစ်သတ်မှတ်ပြီး ချေးသော်လည်း ၄င်း၏ ရည်ရွယ်ချက်သည် စက်မှုလယ်ယာဖွံ့ဖြိုးရေးကို ဦးစားပေးသည့် အတွက်ကြောင့် ထွန်စက်၊ စပါးရိတ်သိမ်းခြွေလှေ့စက် စသည့် စက်ကိရိယာများ ဝယ်မည့် တောင်သူများကိုသာ ရွာအထိ အရောက်သွားပြီး ချေးငွေထုတ်ပေးခဲ့ပါကြောင်း၊ ထို့ပြင် စက်ကိရိယာမဟုတ်ဘဲ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပုံမှန်ထုတ်နေကျ စိုက်ပျိုးစရိတ်ငွေအပြင် အတိုးချေးငွေသဘောမျိုးဖြင့် ၃ နှစ် ၅ နှစ် သတ်မှတ်ချေးရန်အတွက် မြန်မာ့စီးပွားရေးဘဏ်က ဆက်လက်ချေးပါကြောင်း၊ ယခု လောလောဆယ်တွင် ဘီလီယံ ၂၀ဝ ခန့် သတ်မှတ်ထားပါကြောင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် တောင်သူလယ်သမားများ အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်သူများကို ချေးငွေစည်းမျဉ်း၊ စည်းကမ်းများကို လေ့လာပြီး သက်ဆိုင်ရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် လိုအပ်သည်များကို ဖြည့်စွက်၍ သတ်မှတ်ထားသည့် ပုံစံ(၇)ကိုလည်း အာမခံပေးပြီး ချေးနိုင်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

MDN