သတင်းအချက်အလက်များ ဂရုစိုက်ရယူ၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ရှောင်ရှား

၂၉ ဇူလိုင်

 

သဘာဝဘေးအန္တရာယ်ဆိ်ုင်ရာ သတင်းများက လျင်လျင်မြန်မြန် ပျံ့နှံ့နေသည်။ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား စသည့်သမားရိုးကျမီဒီယာများထက် အင်တာနက်နှင့် လူမှုကွန်ရက်တို့မှ သတင်းများက ပို၍မြန်ကြသည်။ သို့သော်လည်း မှန်ကန်ခိုင်မာသော သတင်းများ ဟုတ်မဟုတ်ကိုတော့ သတိပြုစောကြောကြဖို့ လိုအပ်မည်။ သတင်းတု သတင်းယောင်များ၊ မဟုတ်မမှန် လှန့်လုံး ခြောက်လုံးများနှင့် အဖွသတင်းများကလည်းလူမှု ကွန်ရက်စာမျက်နှာတို့တွင် ပေါများလှသည်။

 

 

မည်သို့ပင်ရှိစေ လတ်တလောတွင်မူ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် နိုင်ငံအတွင်း အချို့ဒေသများတွင်ပါ ရေကြီးရေလျှံမှု သဘာဝဘေးအ္တရာယ်ကို ကြုံတွေ့နေကြရသည်။ နှစ်စဉ်နှစ်တိုင်း သည်အချိန်၊ သည်ကာလတွင် ဤကဲ့သို့သောဘေးအ္တရာယ်နှင့် ကြုံတွေ့ ကြရသည်မှာ ပထမဆုံးမဟုတ်တော့သည့်အလျောက် ဖြစ်ပေါ်လာနိုင်ဖွယ်ရာသော ဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ကြိုတင်မြော်တွေးကာ ပြင်ဆင်မှုများပြုလုပ်ထားကြခြင်းအားဖြင့် သက်သာရာရနိုင်ကြသည်။ “ဖြစ်မလာနိုင်ပါဘူး” ဟူသော အတွေး၊ “ဖြစ်တော့လည်း ဖြစ်တဲ့အလျောက်” ဟူသော သဘောထားကာ အမှုမဲ့အမှတ်မဲ့နေခြင်းတို့က ဘေးအန္တရာယ်အမှန်တကယ် ကျရောက်လာချိန်တွင် ခံနိုင်စွမ်းကင်းမဲ့သည့်အခြေအနေသို့ ကျရောက်စေနိုင်သည်။

 

 

လူအများစုတို့က အလေးဂïမပြုမိကြသည့်တိုင်အောင် မိုးရွာမည့်သတင်း၊ မုန်တိုင်းလေပြင်းတိုက်ခတ်မည့်သတင်း၊ မြစ်ရေမြင့်တက်မည့်သတင်း၊ လှိုင်းကြီးမည့်သတင်းစသည့် သတင်းအချက်အလက်များကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မီဒီယာနည်းလမ်းအားလုံးတို့မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ဖော်ပြပေးနေသလို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကလည်း သဘာဝဘေးအန္တရာယ်များမှ ရှောင်ရှားနိုင်ရေးအတွက် အကြံပြုချက်များကို မီဒီယာများမှတစ်ဆင့် အကြံပြုတင်ပြလျက်ရှိရာ သတင်းအချက်အလက်များ၊ အကြံပြုချက်များကို ဂရုတစိုက်ရယူကာ သဘာဝဘေးအန္တရာယ်မှ ကြိုတင်ရှောင်ရှားနိုင်ရေးအတွက် စီမံဆောင်ရွက်ထားကြဖို့ လိုမည်ဖြစ်သည်။ ကယ်ဆယ်ခြင်း၊ ကူညီပံ့ပိုးခြင်း၊ ပြန်လည်နေရာချထားခြင်းဆိုင်ရာ လုပ်ငန်းတို့ကမူ ဘေးအန္တရာယ်ကျရောက်ပြီးနောက်ပိုင်း ကိစ္စများသာဖြစ်ပြီး သက်ဆိုင်ရာတို့က ဆောင်ရွက်ကြရမည့်လုပ်ငန်းများသာ ဖြစ်သည်ဟု မြော်တွေးကြရပါမည်။

 

 

ရေကြီးရေလျှံကာလအတွင်း သတိမူကြရမည်မှာ ရေစီးကြောင်းများ၏ အန္တရာယ် ဖြစ်သည်။ ရေစီးတွင် မျောပါမှုကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှုများ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိရာ ယခုနှစ်တွင်လည်း အသက်ဆုံးရှုံးမှု၊ ပျောက်ဆုံးမှုတို့ ရှိနေပြီဖြစ်ကြောင်း သတင်းများတွင် တွေ့နေကြရပြီဖြစ်သည်။ အရှိန်အဟုန်နှင့် စီးဆင်းနေသောရေသည် အန္တရာယ်ကြီးသော သဘာဝစွမ်းအားတစ်ရပ် ဖြစ်သည်ကို သတိပြုကြရမည် ဖြစ်သည်။ ရေအနက် လေးပေနှင့်အထက်ရှိပြီး တစ်နာရီလျှင် မိုင် ၂၀ နှုန်းဖြင့် စီးဆင်းနေပါက လူ၊ တိရ္ဆာန်နှင့် ယာဉ်၊ ရထားများအတွက် အန္တရာယ်ရှိသည်ဟု သုတေသီတို့က အကြံပြုထားသည်။ သာမန်အားဖြင့်ဆိုလျှင်ရေသည် ရင်စို့ခန့် အနက်ရှိနေပြီး ခြေတစ်လှမ်းပြီး တစ်လှမ်း ရွှေ့နိုင်ရန်အတွက် ခက်ခက်ခဲခဲ ကြိုးပမ်းရွေ့လျားနေရသော အခြေအနေမျိုးသည်အန္တရာယ်ရှိသည့် အခြေအနေပင် ဖြစ်သည်။ ဤသို့သော အခြေအနေမျိုးတွင် ရေ၏ ဖော့ဂုဏ်သတ္တိကြောင့် ရေစီးကြောင်းကို ဖြတ်သန်းသော မော်တော်ကားများမှာ မျောပါသွားနိုင်ပြီး အနက်ပိုင်းသို့ ရောက်သွားပါကလည်း ရေဖိအားကြောင့် နစ်မြုပ်သွားကာ ယာဉ်ထဲမှ ထွက်မရဘဲ ပိတ်မိပြီး အသကအန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားရာ ရေစီးကြောင်းများထဲသို့ မဆင်မခြင် ဖြတ်သန်းခြင်း မပြုလုပ်ကြရန် စေတနာကောင်းဖြင့်သတိပေးကာ ဗဟုသုတ ဝေမျှအပ်ပါကြောင်း။

 

မြန်မာ့အလင်း