သတင်းများနဲ့ ကမ္ဘာ

သတင်းနှင့် အချက်အလက်ဆိုင်ရာ မဟာအဝေးပြေး လမ်းမကြီးပေါ်၌ နှစ်ဆယ်ရာစု အကုန်မှစတင်ကာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ယာဉ်အမျိုးမျိုးသည် အားထုတ်မှုအဖုံဖုံဖြင့် အရှိန်မြှင့် မောင်းနှင်လာကြသည်မှာ အပြိုင်း အရိုင်းဖြစ်၏။ အပြိုင်အဆိုင်လည်း ဖြစ်၏။

 

သတင်းနှင့် အချက်အလက် မည်မျှလောက် စုံစုံလင်လင်ရရှိနိုင်သလဲ ဆိုသည့်အပေါ်တွင် မူတည်ကာ နိုင်ငံရေးအောင်မြင်မှုသည် လည်းကောင်း၊ စီးပွားရေးတွင် ထိပ်တန်းရောက်လာနိုင်မှုသည် လည်းကောင်း စောင့်ကြိုနေလေ့ရှိ၏။ ထို့ကြောင့်ပင် သတင်းနှင့် အချက်အလက်ဆိုင်ရာတို့၏ အခန်းကဏ္ဍမှာ မြင့်တက်လာနေသည် ဖြစ်ရာ သတင်းလွတ်လပ်ခွင့်၊ သတင်းနှင့် အချက်အလက်များကို လွယ်ကူစွာရရှိခွင့် စသည့်အခွင့်အရေးတို့ကို ယနေ့ခေတ် လူမှုအဖွဲ့အစည်းတွင် ဦးစားပေး ပြောဆိုနေကြရခြင်း ဖြစ်ပေသည်။

 

ပို၍ သိသူ၊ ပို၍ ရှေ့တန်းရောက်သည့် အားလျော်စွာ ပို၍သိအောင် ကြိုးစားလာကြသကဲ့သို့ ပို၍ဦးစွာသိအောင်လည်း အားထုတ်လာကြသည်။ ထို့နည်းတူစွာ သတင်းဌာနတို့ကလည်း သူများထက် ပို၍ဦးအောင်၊ သူများထက်ပို၍ သတင်းနှင့်အချက်အလက် စုံလင်အောင် သတင်းထုတ်ပြန်နိုင်ရန်၊ သတင်းဖြန့်ချိနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်း ကြလေသည်။

 

တစ်ပြိုင်နက်တည်းတွင် သတင်းနှင့် အချက်အလက်ဆိုင်ရာ နည်းပညာတို့ကလည်း အရှိန်အဟုန်ပြင်းစွာ၊ လျင်မြန်စွာ ထွန်းကား တိုးတက်လာနေသည်ဖြစ်ရာ သတင်းနှင့် အချက်အလက် ကမ္ဘာကြီးမှာ အလျှံတညီးညီး ဖြစ်နေပေသည်။

 

ယင်းကဲ့သို့ သတင်းနှင့် အချက်အလက်တို့၏ အခန်းကဏ္ဍ မြင့်မားလာသည်နှင့်အမျှ သတင်းနှင့်အချက်အလက် အတုအယောင်များ၊ လုပ်ကြံသတင်းနှင့် မဟုတ်မမှန် အချက်အလက် ထုတ်ပြန်မှုများ၊ ဖြန့်ချိမှုများကလည်း တွဲလျက် ထွန်းကားလာသည်ကို သတိပြုမိပါသည်။ သတင်းနှင့်အချက်အလက်တို့က ကမ္ဘာတစ်ခုလုံးအတွက် အလွန်အရေးကြီးနိုင်သည့်အချိန်တွင် သတင်းတု၊ သတင်းယောင်နှင့် လုပ်ကြံသတင်းတို့သည် ကမ္ဘာကြီးကို မည်မျှလောက် အန္တရာယ်ပေးနိုင်သည် ဆိုခြင်းကို တွေးကြည့်ရုံမျှဖြင့် သိနိုင်လောက်ပါသည်။

 

သတင်းတု၊ သတင်းယောင်၊ လုပ်ကြံသတင်းဟူသည်မှာ မူလကပင် မဟုတ်မမှန်သည့် စိတ်သဘောထားဆိုးဖြင့် ဖန်တီးလာသည်ဟုဆိုနိုင် ပါသည်။ အချို့က အဖြစ်အပျက်တစ်ခုကို လူအများ စိတ်ဝင်စားသည်ဆိုလျှင် သတင်းအတု ဖန်တီးထုတ်လွှတ်လိုက်ခြင်းဖြင့် အများစုကို ဆွဲဆောင်လိုကြသည်။ လိမ်လည်လှည့်ဖြားခြင်း တစ်မျိုးပင်။ အချို့က တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေပြီး တစ်စုံတစ်ဦးကို အကျိုးရလဒ် ရှိစေရန် ရည်ရွယ်၍ လုပ်ကြံသတင်း ဖန်တီးကြလေ၏။ မဟုတ်မမှန်မှုကို မကောင်းသောစိတ်ထားဖြင့် ရည်ရွယ်ချက်ရှိရှိ ဖန်တီး၏။ ယင်းသတင်းကို ဖတ်ရှုကြားသိရသူတို့က မှန်၏ မမှန်၏ မဆင်ခြင်နိုင်၊ မတွေးတောနိုင်ဘဲ ထပ်မံဖြန့်ဝေကြသည်လည်း ရှိ၏။ တချို့ကမူ မူလရည်ရွယ်သည့် မကောင်းမှုကို မကောင်းစိတ်ဖြင့် တမင်တကာပင် ဆက်လက် ဖြန့်ဝေကြပြန်၏။

 

ဤသို့သော မကောင်းမှုသံသရာတွင် မပါဝင်ရေးမှာ သတင်းရေးသူ၊ သတင်းဖြန့်ချိသူ၊ သတင်းဖတ်သူအားလုံးတို့ သတိပြုကြရန် လိုပါမည်။ သတင်းသမားတစ်ဦးက သတင်းပေးပို့ပြီ သို့မဟုတ် သတင်းဖြန့်ချိတော့ မည်ဆိုသည်နှင့် သတင်းကျင့်ဝတ် စည်းကမ်းတို့ကို နားလည်ဖို့လိုပါမည်။ သတင်းမှန်ကို သိအောင်ကြိုးစားပြီးမှ သတင်းကို ပေးပို့ခြင်း၊ သတင်းတွင် အချက်အလက်မှန်များကိုသာ ထည့်သွင်းရေးသားခြင်း၊ အဂတိကင်းရှင်း ခြင်းတို့ လိုအပ်ပါမည်။ အချက်အလက် မှားယွင်းသည်ကို သိသည်နှင့် ချက်ချင်းဆိုသလို အမှားပြင်ဆင်ချက်ကို ထုတ်ပြန်ရန်လည်း လိုအပ်ပါမည်။

 

သတင်းဖတ်ရှုသူများ သတင်းဖတ်ရှုပြီး ဆက်လက်ဖြန့်ဝေကြမည့်သူ များကလည်း သတင်းတစ်ခုကို မူလသတင်းရင်းမြစ်၏ ခိုင်မာမှု မည်မျှရှိသည်ကိုလည်းကောင်း၊ သတင်းကို ခေါင်းစဉ်မျှသာမဟုတ်ဘဲ အတွင်းသတင်း အစအဆုံးဖတ်ရှုပြီးမှ ကောက်ချက်ချခြင်းကိုလည်းကောင်း၊ မည်သူကရေးသည် မည်သည့်ဘက်ကို ဇောင်းပေးရေးခြင်းဖြစ်သည်ကို စောကြော၍ ဖတ်ရှုခြင်းသည်လည်းကောင်း၊ သတင်းဖြစ်ပွားသည့် ကာလနှင့်ထုတ်ပြန်သည့်ကာလကို အသေအချာ လေ့လာ၍လည်းကောင်း၊ အချို့သော ပညာရပ်ဆိုင်ရာများတွင် နားလည်ကျွမ်းကျင်သူ၏ အယူအဆကို မေးမြန်း၍လည်းကောင်း သတင်းတစ်ခု၏ တန်ဖိုးကို အကဲဖြတ်နိုင်ပါမည်။ မှန်ကန်သော သတင်းနှင့်အချက်အလက်တို့ကသာ မိမိကိုယ်တိုင် အတွက်ဖြစ်စေ၊ အများပြည်သူအတွက်ဖြစ်စေ၊ လူ့လောကအတွက်ဖြစ်စေ တန်ဖိုးရှိမည်။ ကောင်းကျိုးပြုမည်ဆိုသည်ကို သတိပြုနိုင်ပါရန် နှိုးဆော်လိုက်ရပါကြောင်း။ ။

 

မြန်မာ့အလင်း