သတင်းမီဒီယာနှင့် ပြည်သူလူထု

နည်းပညာတော်လှန်ရေး လှိုင်းလုံးကြီး အရှိန်အဟုန်ပြင်းပြင်း ထိုးထွက်လာသည်နှင့်အမျှ ကမ္ဘာကြီးက ရုတ်ခြည်းသေးငယ်သွား၏။ ကမ္ဘာကြီးက ရွာကြီးတစ်ရွာအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ဥပမာပြု ပြောဆို၏။ ရွာတောင်ပိုင်းမှာ တစ်စုံတစ်ခု ဖြစ်ပွားသည်ကို ရွာမြောက်ပိုင်းက ချက်ချင်းသိလိုက်သကဲ့သို့ ကမ္ဘာ့အရှေ့ဖျားမှာ ထူးခြားမှုတစ်ခုဖြစ်သည်နှင့် ကမ္ဘာ့အနောက်ဖျားက ချက်ချင်းသိတော့ သည်ဟု ဆိုခြင်းဖြစ်၏။

 

မီဒီယာများကလည်း အများပြည်သူ စိတ်ဝင်စားမည့် ဖြစ်ပျက်မှုဟူသရွေ့ကို ချက်ချင်းမှတ်တမ်း တင်ကာ လွှင့်ထုတ်၏။ ပုံနှိပ်ဖြန့်ချိ၏။ အများပြည်သူတို့သည်လည်း ထိုသတင်းအဖြစ် အပျက်တို့ကို ချက်ချင်းဆိုသလို၊ ဖြစ်ဖြစ်ချင်းဆိုသလို သိလေသည်။

 

ယင်းသို့ သတင်းနှင့်အချက်အလက်များကို သိရှိရသည်နှင့် အမျှလူတို့၏ စိတ်ဝင်စားမှုများ၊ လူတို့၏ စိတ်လှုပ်ရှားမှုများအပေါ် အခြေခံသည့် လက်သင့်ခံမှု ငြင်းပယ်မှုများ၊ လူတို့၏ယုံကြည်မှု ရပ်တည်မှုများ၊ လူတို့၏ အဆုံးအဖြတ်များတို့နှင့် ရုတ်ခြည်း တုံ့ပြန်မှုများကို ဖြစ်ပေါ်စေသည်။

 

ခေတ်သစ်နည်းပညာ အထောက်အပံ့တို့က ပြည်သူတို့ထံ ပေးပို့သည့် သတင်းနှင့်အချက်အလက် ပျံ့နှံ့မှုကို မြန်ဆန်စေသည်သာမက ပြည်သူတို့ထံမှ တုံ့ပြန်မှုများကိုလည်း အချင်းချင်းကြား မြန်ဆန်သော ပျံ့နှံ့မှုကို ဖြစ်စေပါသည်။

 

ယင်းသို့သော အခြေအနေတွင် အပျော်သဘောဖြစ်စေ၊ စီးပွားရေး အပြိုင်အဆိုင်များအရဖြစ်စေ၊ နိုင်ငံရေး လှည့်ဖြားလိုမှုများအရ ဖြစ်စေ၊ လူမှုရေးအရ ဂုဏ်သိက္ခာထိခိုက်စေလိုခြင်း စသည်တို့အရဖြစ်စေ သတင်းအတုအယောင်များ၊ လုပ်ကြံတည်ဆောက်သည့် အဖြစ်အပျက်များ၊ လိုရာဆွဲယူသော တစ်ဝက်မှန်ကို အခြေခံသည့် မဟုတ်မမှန်မှုများကို ဖန်တီးကြသည်ကို တွေ့မြင်လာရသည်။

 

အရေးကြီးသော သတင်းနှင့် အချက်အလက်များကြားတွင် သတင်းတု၊ သတင်းယောင် လုပ်ကြံအချက် အလက်များ ရောယှက်လာသည့်အခါ အများပြည်သူကြားက အကဲဖြတ်မှုများ၊ ဆုံးဖြတ်ချက်များ၊ သဘောထား ထင်မြင်ယူဆချက်များမှာ ရှုပ်ထွေးလာ၏။ အငြင်းပွားမှုများ ပိုမိုဆူညံလာ၏။ ထိခိုက်ပွတ် တိုက်မှုများကလည်း နေရရာတကာ မှာလိုလို ဖြစ်လာသည်။ လွန်စွာနူးညံ့ သိမ်မွေ့သော မေတ္တာ တရားနှင့် သက်ဆိုင်ရာ၊ တူညီသော ကိုးကွယ်ယုံကြည်မှုဆိုင်ရာတို့တွင်ပင် ဒေါသပါသော ကွဲလွဲ ငြင်းခုံမှုများ ဖြစ်လာလေသည်။

အများပြည်သူတို့သည် မိမိတို့သိရှိရသော သတင်းနှင့် အချက်အလက် များကို သတိကြီးစွာ၊ ဉာဏ်ကြီးစွာဖြင့် ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်လက်ခံ၍ နားလည်ယုံကြည်ရန် လိုအပ်လာသည်။

 

သတင်းရင်းမြစ်များက ယုံကြည်စိတ်ချရသော နေရာဌာနများက ဖြစ်ပါ၏လော၊ မည်မျှတာဝန်ယူ တာဝန်ခံသော သတင်းရင်းမြစ်များ ဖြစ်သလဲအစရှိသည်တို့ကို လေ့လာဆန်းစစ်ရန် လိုအပ်သကဲ့သို့ ထိုသတင်းများက မည်မျှလောက်ဖြစ်နိုင်သလဲ၊ မည်မျှလောက် ယုတ္တိရှိသလဲဆိုသည်တို့ကိုပါ ချင့်ချိန် ကြရာ လိုအပ်နေပြီဖြစ်သည်။

 

သတင်းနှင့်အချက်အလက်များကို အသိဉာဏ်ပညာဖြင့် လည်းကောင်း၊ အတွေ့အကြုံများဖြင့် လည်းကောင်း ဆန်ခါချစစ်ယူပြီး လက်ခံနိုင်မှသာ မှန်ကန်သော ဗဟုသုတအကြား အမြင်အသိ ဖြစ်လာနိုင်မည် ဖြစ်ပေသည်။

 

ယနေ့ကာလ ခေတ်မီတိုးတက်မှုများဖြင့် ထုံမွမ်းထားသည့် လူမှုအဖွဲ့အစည်းသည် အသိဉာဏ်ပညာကို ပိုမိုအားပြုရပ်တည် ရတော့မည်ဖြစ်ပါသည်။ ပိုမို၍ ချင့်ချိန်မှု၊ ဆန်းစစ်လေ့လာမှုများဖြင့် ရှင်သန် ရတော့မည် ဖြစ်ပါသတည်း။ ။

 

lin