သတင်းသမားတစ်ယောက်က ထက်မြက်ရမယ်၊ သွက်လက်ရမယ်၊ သတ္တိရှိရမယ်၊ အမှန်တရားကို ပြောရဲရမယ်၊ ကျင့်ဝတ်တွေလည်း လိုက်နာရမယ်

ဒေါက်တာမောင်မောင်စံ(ကြည်မင်း)၊သတင်းမီဒီယာကောင်စီဝင်

 

နေပြည်တော် ၆ မေ

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြီးမှူး၍ “မြန်မာ့ဒီမိုကရေစီ နိုင်ငံတော်နှင့် စတုတ္ထမဏ္ဍိုင်ပီပြင်စွာရပ်တည်ရေး”ခေါင်းစဉ်ဖြင့် ဒုတိယအကြိမ် မြန်မာသတင်း မီဒီယာစာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဒုတိယနေ့ကို မေ ၆ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း၌ ဆက်လက်ကျင်းပ သည်။

 

စာတမ်းဖတ်ပွဲတွင်ပါဝင်သည့် စာတမ်းရှင်သတင်းစာဆရာကြီးများနှင့် ပညာရှင်များအား မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားဖော်ပြအပ်ပေသည်။

 

ဒေါက်တာမောင်မောင်စံ(ကြည်မင်း)

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်

 

 

ဂျင်မီတို့ကမ္ဘာ၊ ကျွန်တော်တို့ရဲ့ကမ္ဘာစာတမ်းကိုဖတ်ပါတယ်။ သတင်းသမားစစ်စစ်ပေါ်ထွက်ရေး၊ တကယ်စာဖတ်ပြီး တကယ်ကျင့်ဝတ်လေးစားလိုက်နာတဲ့ ကမ္ဘာ့အဆင့်မီသတင်းသမားတွေပေါ်ထွန်းရေးအတွက် ရည်ရွယ်ပါတယ်။ လူငယ်မျိုးဆက်သစ်တွေ စာများများဖတ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းသမားတွေက စာမဖတ်ကြဘူး။ စာဆိုတာအများကြီး ဖတ်ရတယ်။ သတင်းသမားတစ်ယောက်က ထက်မြက်ရမယ်၊ သွက်လက်ရမယ်၊ သတ္တိရှိရမယ်၊ အမှန် တရားကို ပြောရဲရမယ်၊ ကျင့်ဝတ်တွေလည်း လိုက်နာရမယ်။

 

ဦးမြတ်ခိုင်

ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း

 

သတင်းလွတ်လပ်ခွင့်တိုက်ပွဲများ စာတမ်းကိုဖတ်ပါတယ်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်းကို သတင်းမီဒီယာကောင်စီက ကမ်းလှမ်းတာရှိပါတယ်။ လူငယ်မျိုးဆက်သစ်တွေကို အိမ်စာ ကောင်းကောင်းလုပ်ဖို့လိုတယ်။ လူငယ်တွေက အိမ်စာကောင်းကောင်းမလုပ်ကြဘူး။ သတင်းလွတ်လပ်ခွင့်က အခုတော့အနည်းအကျဉ်းရလာတာပါ။ အဓိက စာတမ်းဖတ်ပွဲတွေက ရည်ရွယ် ချက်ကောင်းတယ်။ သို့သော် စိတ်ဝင်စားသူနည်းတယ်။ သတင်းလွတ်လပ်ခွင့်ရဖို့ လူတိုင်းစိတ်ဝင် စားမှဖြစ်မယ်။ အဓိက သတင်းလွတ်လပ်ခွင့်ကို ပြောနေလို့မပြီးဘူး။ ကျွန်တော့်ဘက်ကလည်း ခြောက်ပစ်ကင်း သဲလဲစင်တော့မဟုတ်ဘူး။ ကျွန်တော်တို့ အားနည်းချက်ရှိတယ်။ သတင်းသမား တွေကလည်း ကျင့်ဝတ်နဲ့အညီ လျှောက်လှမ်းဖို့ လိုအပ်တယ်။

 

ဦးကြည်နိုင်(MWU)

 

 

မျက်မှောက်ခေတ် သတင်းမီဒီယာလောကကို တစေ့တစောင်းအကဲခတ်ခြင်း စာတမ်းကိုဖတ်ပါ တယ်။ ကျွန်တော်နဲ့ ဧရာဝတီသတင်းဌာနက နိုင်မောင်ပေါ့။ နှစ်ယောက်ပူးတွဲပြီး ပြုစုပါတယ်။ သတင်းမီဒီယာ လောကဖွံ့ဖြိုးရေးကို ရှေးရှုပြီး သတင်းမီဒီယာလောကမှာ တွေ့နေရတဲ့ ဟာကွက်တွေ၊ သတင်းရေးသား ချို့ယွင်းချက်တွေ၊ သတင်းအမှားတွေ၊ တမင်နိုင်ငံ့ပုံရိပ်ကို ထိခိုက်အောင် လုပ်တဲ့၊ ဖန်တီးတဲ့ သတင်းအမှားတွေကို ခိုင်ခိုင်လုံလုံ သတင်းအရင်းအမြစ်တွေနဲ့ ကျွန်တော်တို့ ထောက်ပြထားပါတယ်။ သတင်းအမှားတွေသိအောင် သတင်းအရင်းအမြစ်တွေလေ့လာဖို့လိုပါတယ်။ အဲဒီအတွက် စာတမ်းမှာ သတင်းများကို ဆန်းစစ်ခြင်းဆိုတဲ့ အခန်းတစ်ခန်းဖွင့်ပြီး တင်ပြထားပါတယ်။ ပညာရှင်တွေရဲ့ တင်ပြချက်ရော၊ facebook ပေါ်က တင်ပြချက်ရော၊ ဝါရင့်သတင်း စာဆရာကြီးများ တင်ပြချက်ရော သတင်းအမှန်/အမှား ဆန်းစစ်ဖို့၊ သတင်းတစ်ပုဒ် တန်ဖိုးရှိ/မရှိ စတဲ့ ဆန်းစစ်ချက်တွေနဲ့ ဆန်းစစ်ကြည့်ပါဆိုပြီး အချက်အလက်နဲ့ ထောက်ပြထားတာကိုလည်း စာတမ်းမှာ တင်ပြထားပါတယ်။

 

သတင်းမီဒီယာလောကဆိုတာ တကယ်က ပြည်သူပေါ့လေ။ ယုံကြည်ဖို့လိုပါတယ်။ အဲဒီလို ယုံကြည်မှုလိုသလို ယုံကြည်မှလည်းပဲ သတင်းမီဒီယာလောကဟာပိုပြီး ပုံရိပ်မြင့်မားလာမှာဖြစ်ပါတယ်။ သတင်းဖတ်တဲ့ ပြည်သူတွေအနေနဲ့လည်း စောစောက တင်ပြခဲ့သလို သတင်းတစ်ပုဒ်ကို အယုံမလွယ်ဘဲနဲ့ တင်ပြတဲ့အချက်တွေနဲ့ ဆန်းစစ်ကြည့်သင့်ပါတယ်။ သတင်းမီဒီယာလောဟာ ကျယ်ပြန့်သလို ရှုပ်လည်းရှုပ်ထွေးပါတယ်။ ဒါ့ကြောင့် သတင်းဖတ်သူတွေကလည်း မျက်စိဖွင့်၊ နားဖွင့်ဖို့ လိုပါတယ်။ ဒီနေ့ကာလဆိုရင် အဘက်ဘက်က စောစောကလို နိုင်ငံ့ပုံရိပ်ကို ကျဆင်းအောင် တမင်ဖန်တီးတဲ့ သတင်းအမှားတွေ တွေ့တယ်။ အဲဒီလိုပဲ ဘာသာရေးဘက်မှာလည်း လှည့်ပြီးတိုက်တာတွေရှိတယ်။

 

လူငယ်တွေအနေနဲ့ သတင်းမီဒီယာလောကကို ဂရုပြုစေချင်ပါတယ်။ နေ့စဉ်သတင်းစာတွေထွက်နေတယ်။ သတင်းဌာနတွေက အသံလွှင့်နေတယ်။ ဒီသတင်းမီဒီယာလောကကို စိတ်ပါဝင်စားမှ၊ နားစွင့်ထားမှ ပြည်တွင်း ပြည်ပမှာ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေ၊ အရေးအခင်းတွေကို မျက်မှောက်ကျကျသိနိုင်မှာဖြစ်ပါတယ်။ လူငယ်တွေကိုလည်း သတင်းမီဒီယာလောကကို စိတ်ဝင် တစားလေ့လာစေချင်ပါတယ်။

 

ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)

 

 

ကျွန်တော်ဖတ်မယ့်စာတမ်းကတော့ သတင်းသမားများနဲ့ မီဒီယာကျင့်ဝတ်စာတမ်းဖြစ်ပါတယ်။ စာတမ်းဆိုတာ အကိုးအကား၊ အထောက်အထားမျိုးစုံနဲ့ နောင် လာနောက်သားတွေအတွက် ကျန်ရစ်ခဲ့အောင် ပြုလုပ်တာကို မြန်မာအဘိဓာန်မှာ စာတမ်းလို့ ဖွင့်ဆိုထားပါတယ်။ စာတမ်းမှာ နိဒါန်းအနေနဲ့ မဏ္ဍိုင်သုံးရပ်ကို စတုတ္ထမဏ္ဍိုင်က ကြားကန်ပေးထားတယ်။ စတုတ္ထမဏ္ဍိုင်မှာပါတဲ့ သတင်းသမားကလေးမျိုးရှိတယ်။ သတင်းထောက်ရယ်၊ သတင်းထောက်ချုပ်ရယ်၊ အယ်ဒီတာ ရယ်၊ အယ်ဒီ တာချုပ်ရယ် ရှိတယ်။ သူတို့ရဲ့တာဝန်တွေကို ရေးထားပါတယ်။

 

စာတမ်းခေါင်းစဉ်ရဲ့ ရည်ရွယ်ချက်နဲ့အညီ သတင်းသမားတွေနဲ့ မီဒီယာကျင့်ဝတ်၊ မီဒီယာကျင့်ဝတ်ဆိုတဲ့အခါ နိုင်ငံတကာ မီဒီယာကျင့်ဝတ်က ဘာတွေလဲ၊ မီဒီယာကျင့်ဝတ်တွေကို မီဒီယာသမား တွေလိုက်နာမှုရှိ/မရှိ၊ ရှေးတုန်းက စံပြအတုယူစရာ သတင်းသမားတွေရဲ့ နမူနာတွေကို ကောက်နုတ်တင်ပြထားပါတယ်။

 

နိဂုံးပိုင်းမှာတော့ သတင်းမီဒီယာကောင်စီ အခန်းကဏ္ဍမြှင့်တင်ဖို့ဆိုပြီး ရေးထားပါတယ်။ သတင်းလွတ်လပ်ခွင့်တောင်းနေတဲ့သူတွေမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရပါမယ်။ လွတ်လပ်ခွင့်ဆိုတာ သူရဲ့စည်းမျဉ်း စည်းကမ်းတွေရှိတယ်။ မီဒီယာကျင့်ဝတ်နဲ့အညီ လွတ်လပ်ဖို့ပဲလိုတယ်။ မှန်မှန်ကန် ကန်ကျင့်သုံးဖို့လိုတယ်။ သတင်းသမားနဲ့မီဒီယာကျင့်ဝတ်ဆိုတာ ဟန်ချက်ညီပြီး အပြန်အလှန်အပေးအယူက ယုံကြည်မှုရှိမှ တိုးတက်မယ်ဆိုတာကို message ပေးတာပါ။



ဦးချစ်ဝင်းမောင်(ချစ်ဝင်းမောင်)

မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ

 

 

 

NLD အစိုးရလက်ထက် မြန်မာ့သတင်းမီဒီယာ လွတ်လပ်မှုအခြေအနေကို လေ့လာသုံးသပ်ခြင်းစာတမ်းကို ဖတ်ကြားပါမယ်။ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရဲ့ ဦးဆောင်မှုနဲ့ သတင်းမီဒီယာသမားအားလုံးပါဝင်တဲ့ အဖွဲ့အစည်းတွေ၊ ဒီအဖွဲ့အစည်းတွေကနေ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး တစ်ရပ်အနေနဲ့ အထူးသဖြင့် အဘဟံသာဝတီ ဦးအုန်းကြိုင်တို့က ဦးဆောင်ပြီးတော့ စာတမ်းဖတ်ပွဲလုပ်တာ။ စာပေဖွံ့ဖြိုး တိုးတက်ရေးအတွက်၊ သတင်းမီဒီယာဖွံ့ဖြိုးရေးအတွက် တော်တော်ကောင်းတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ အဲဒီရည်ရွယ်ချက်နဲ့ ဒီစာတမ်းကို လာဖတ်ခြင်းဖြစ်ပါ တယ်။

 

စာတမ်းဖတ်ပွဲ ယဉ်ကျေးမှုက များများစားစားရှိသင့်ပါတယ်။ စာတမ်းဖတ်ကြတော့မယ်ဆိုရင် စိတ်မရှည်ကြဘူး၊ အကြာကြီး နားမထောင်ချင်ဘူး၊ စာတမ်းဖတ်ပွဲတွေ လုပ်ပေးနေရင် လူငယ်တွေ အတွက် နောက်ထပ်သတင်းစာပညာ လေ့လာချင်သူတွေ၊ သမိုင်းနဲ့ သတင်းမီဒီယာနဲ့ပတ်သက်ပြီး ဗဟုသုတရချင်တဲ့သူတွေအတွက် အများကြီးအကျိုးရှိပါတယ်။ သတင်းမီဒီယာကောင်စီရဲ့ ဦး ဆောင်မှုနဲ့ စာတမ်းဖတ်ပွဲတွေ လုပ်ပေးတယ်ဆိုတာ နိုင်ငံအတွက်ရော သတင်းမီဒီယာဖွံ့ဖြိုးတိုး တက်ရေး အတွက်ရော အားလုံးကောင်းပါတယ်။

 

ဦးဇေယျ(သားကြီးမောင်ဇေယျ)

 

 

ရခိုင်ပြည်နယ်အရေးနဲ့ ငြိမ်းချမ်းရေးသတင်းစာပညာအသုံးအနှုန်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပသတင်းစာတွေမှာသုံးတဲ့ အသုံးအနှုန်းတွေအပေါ်သုံးသပ်ထားတာပါ။ ဘယ်အသုံးအနှုန်းက လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခကို ကြီးထွားစေတယ်။ ဘယ်အသုံးအနှုန်းတွေက ငြိမ်းချမ်းရေးကို ဦးစားပေးတယ်။ အဲဒါတွေကို ခွဲခြမ်းစိတ်ဖြာပြတာပါ။ မြန်မာမှာယဉ်ကျေးမှုရှိတယ်။ မှန်တာကိုပြောရမယ်။ အကျိုးရှိတာကို ပြောရမယ်။ အချိန်အခါနဲ့ ပြောရမယ်။ အဲဒီစည်းကမ်းတွေ ရှိပါတယ်။

 

မြန်မာစကားပြောတဲ့အခါ အဲဒီကျင့်ဝတ်တွေ ထိန်းရပါတယ်။ သတင်းသမားတွေကလည်း အဲဒီကျင့် ဝတ်ဆန်ဆန် အကျိုးရှိတဲ့စကားကို ပြောရမယ်။ မှန်တဲ့အကြောင်းကို ပြောရမယ်။ ဒါတွေက အရေးကြီးကြောင်း ပြောချင်ပါတယ်။ ခုချိန်မှာ လူမျိုးရေး၊ ဘာသာရေး၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်မယ့် အသုံးအနှုန်းတွေ၊ ရန်လိုတဲ့အသုံးအနှုန်းတွေ တတ်နိုင်သလောက် ရှောင်ရှားပြီး မတူတဲ့အုပ်စု နှစ်ခုအကြား အေးချမ်းနိုင်မယ့်စကားလုံးမျိုး၊ ပြေရာပြေကြောင်း စကားလုံးမျိုး အသုံး အနှုန်းတွေ ပြောကြဖို့၊ အမုန်းစကားတွေ ရှောင်ကြဖို့ ပြောချင်ပါတယ်။

 

စာတမ်းဖတ်ပွဲတွေက ပညာရှင်တွေ၊ အတွေ့အကြုံများတဲ့သူတွေက သူတို့ရဲ့ အတွေ့အကြုံနဲ့ ဖတ်ထားတဲ့စာတွေကို ပြန်စုစည်းပြီးတင်ပြတာပါ။ အဲဒါကို နောက်လာမယ့်သူတွေအတွက် သမိုင်းဖြစ်သွားမယ်။ နောက်လာမယ့် ပညာရှင်တွေအတွက် အကိုးအကား ဖြစ်သွားဖို့ စာတမ်းဖတ်ပွဲတွေ က အသုံးဝင်ပါတယ်။

 

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - လှမိုး