သတ္တမအကြိမ် အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၄ ဩဂုတ်

 

သတ္တမအကြိမ် အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဉက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း (RCSS/SSA)၊ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း (ABSDF)၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ပဒိုစောတာဒိုမူး (KNU)၊ ဦးလှဌေး (ABSDF)၊ စောမြရာဇာလင်း (ALP)၊ ဒေါက်တာလျန်မှုန်းဆာခေါင်း (CNF)၊ ဆလိုင်းထလာဟေး (CNF)၊ စောစိန်ဝင်း (DKBA)၊ ပဒိုစောအယ်ကလူစေး (KNU)၊ စောကျော်ညွန့် (KNLA-PC)၊ ကြာဆော်လမွန် (LDU)၊ နိုင်အောင်မငေး (NMSP)၊ ခွန်မြင့်ထွန်း (PNU) နှင့် ဒေါက်တာစိုင်းဦး (RCSS/SSA) တို့ တက်ရောက်ကြသည်။

 

1

 

အစည်းအဝေးတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဩဂုတ် ၂ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြရာ နှစ်ဖက်အကြား နားလည်မှုရှိရှိ၊ ယုံကြည်မှုရှိရှိနှင့် မပြေလည်သေးသည့် သဘောထားကွဲလွဲမှုများကို ပြေလည်အောင် ညှိနှိုင်းနိုင်မည့် အခြေအနေကို ဖန်တီးပေးခဲ့သည့်အတွက် ဆွေးနွေးညှိနှိုင်းရင်း ရပ်တည်ချက်သဘောထားများကို သဘောတူညီချက်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါကြောင်း၊ ယင်းသည် အပြန်အလှန်နားလည်မှုနှင့် မတူညီမှုများကို ဘုံသဘောထားအဖြစ်ရရှိအောင် ပြောင်းလဲနိုင်သည်ကို သက်သေပြခဲ့ခြင်း ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး၌ ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် ထည့်သွင်းမည့် သဘောတူညီချက်များ ရယူနိုင်ရန် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ ဆွေးနွေးညှိနှိုင်းခဲ့သည်မှာ ယခုဆိုလျှင် သတ္တမအကြိမ်ရှိပြီ ဖြစ်ပါကြောင်း၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက် (၁၃)ချက်ရရှိထားပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုအတွက် ဆွေးနွေးမည့် ခေါင်းစဉ်ကြီး (၈) ခုကို သဘောတူထားပြီး အသေးစိတ်ခေါင်းစဉ်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းရန် ရှိပါကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ အနေဖြင့် အချက် (၂) ချက်ကို သဘောတူထားပြီးဖြစ်ပါကြောင်း။

 

ယနေ့အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းကြမည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု၊ လမ်းညွှန်အခြေခံမူ သဘောတူညီချက်ကိစ္စရပ်များသည် မိမိတို့အကြား နှစ်ဖက်သဘောထားများကို များစွာဆွေးနွေးထားပြီးဖြစ်ပါကြောင်း၊ နှစ်ဖက် အဆိုပြုချက်များကို ဘုံသဘောတူညီချက်ရရှိရန် ယနေ့အစည်းအဝေးတွင် ထပ်မံဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

 

မိမိတို့ ဆွေးနွေးညှိနှိုင်းရရှိလာမည့် သဘောတူညီချက်များသည် ပြည်ထောင်စုသဘော တူစာချုပ် အစိတ်အပိုင်း (၃) တွင် ထည့်သွင်းချုပ်ဆိုမည်ဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အခြေခံချမှတ်နိုင်ရန် မိမိတို့ကြိုးပမ်းနိုင်ခဲ့ကြသည်ဟု ဆိုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အနာဂတ်အတွက် ရည်မှန်း၍ စေ့စပ်ညှိနှိုင်းကြရာတွင် စိတ်ရှည်လက်ရှည်နှင့် သဘောထားကြီးကြီးထားကာ အပြန်အလှန်နားလည်မှုများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးကို ဦးတည်ညှိနှိုင်းဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း။

 

မိမိတို့ရပ်တည်ချက် သဘောထားများကို ဆုပ်ကိုင်ညှိနှိုင်းနေခြင်းမျိုးမဟုတ်ဘဲ မိမိတို့ ဆွေးနွေးဖက်များအကြား အပြန်အလှန်တူညီသည့် သဘောထားများကို ဦးစားပေးရှာဖွေကာ ဘုံသဘောတူညီချက်အဖြစ် ပြောင်းလဲလာရန်နှင့် နည်းလမ်းရှာဖွေကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ဆွေးနွေးမှုများမှတစ်ဆင့် သဘောတူညီချက်များရရှိပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် NCA-S EAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက (၈) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်း အဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေးတို့အတွက် မိမိတို့ နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့များအနေဖြင့် ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းမှစ၍ ယခုချိန်အထိ ဆွေးနွေးညှိနှိုင်းမှု အစည်းအဝေးများကို  စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ခဲ့ပြီး ရလဒ်ကောင်းများကို ယူဆောင်ပေးနိုင်ခဲ့ပါကြောင်း။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ်လ တတိယပတ်တွင် ကျင်းပမည်ဖြစ်ပြီး ယခုနှစ်ရက်တာ အစည်းအဝေးတွင် ပြီးခဲ့သည့် နှစ်ဖက်ညှိနှိုင်းအစည်းအဝေးမှ ချန်ထားခဲ့သည့် ဆက်လက်ညှိနှိုင်းရန် အချက်များကို သဘောတူညီချက်ရရှိရန် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း။

 

ယခုအစည်းအဝေးမှ ရရှိလာမည့် ရလဒ်များကို မိမိတို့ NCA-S EAO ညှိနှိုင်းရေးအဖွဲ့ အနေဖြင့် လာမည့် သြဂုတ် ၆၊ ၇ ရက်များတွင် ကျင်းပမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးထံ တင်ပြပြီး အတည်ပြုချက် ရယူနိုင်ရေး ဆောင်ရွက်သွားရန် ရှိပါကြောင်း။

 

သြဂုတ် ၁၀၊ ၁၁ ရက်များ၌ ကျင်းပမည့် JICM အစည်းအဝေး ပြင်ဆင်ရေး အစည်းအဝေးမှတစ်ဆင့် သြဂုတ် ၁၃ ရက်တွင် ကျင်းပမည့် JICM အစည်းအဝေးတွင် နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့များ၏ အစည်းအဝေးရလဒ်ဖြစ်သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)တွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများကို နှစ်ဖက်ခေါင်းဆောင်အကြီးအကဲများက အပြီးသတ် အတည်ပြုပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် နှစ်ရက်တာညှိနှိုင်းအစည်းအဝေးတွင် ရလဒ်ကောင်းများ ရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ညှိနှိုင်းဆွေးနွေးပေးကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

2

 

ယနေ့အစည်းအဝေးတွင် (၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် နှစ်ဖက်အဆိုပြုချက်များ၊ NCA အကောင်ထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များ၊ အဆင့်လိုက်အကောင်ထည်ဖော်မှုများ၊ အခြေခံမူသဘောတူညီချက်များကို ဆွေးနွေးကြသည်။

 

ယခုအစည်းအဝေးကို ဩဂုတ် ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-မျိုးမြင့်၊ ဟန်လင်းနိုင်

ဓာတ်ပုံ-ကိုထိန်