သုံးခွမြို့နယ် ပျဉ်းမကန်စံပြကျေးရွာတွင် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်

သုံးခွ ၆ ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပျဉ်းမကန်စံပြကျေးရွာတွင် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စွန့်ပစ်အမှိုက်ကြောင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊ အမှိုက်ကင်းစင်သော ကျေးရွာဖြစ်စေရေး ရည်ရွယ်၍ ဇန်နဝါရီ ၅ ရက် နံနက် ၈ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ဦးစီအရာရှှိ ဦးဇော်လင်းနိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မွန်မြတ်စေတနာ ပရဟိတသန့်ရှင်းရေးအဖွဲ့၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများ၊ ကျောင်းသားကျောင်းသူများ စုပေါင်း၍ ရွာတွင်းလမ်းမကြီး ဘေးဝဲယာလမ်းတစ်လျှောက်နှင့် လမ်းသွယ်များတွင် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အမှိုက်ကင်းစင်စေရေး စနစ်တကျ စွန့်ပစ်ရန် အသိပညာပေး ကြော်ငြာဗွီနိုင်းများ ချိတ်ဆွဲခဲ့ကြပြီး ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါကျေးရွာတွင် စုပေါင်းသန့်ရှင်းရေးအား အပတ်စဉ် စနေနေ့တိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး သိမ်းဆည်းရရှိသော အမှိုက်များကို အမှိုက်မီးရှို့ကန်တွင် စနစ်တကျ မီးရှို့ခဲ့ကြကြောင်း၊ အလှူရှင်များမှလည်း သန့်ရှင်းရေး  ပြုလုပ်ကြသူများကို အာဟာရဒါန ကုသိုလ်ပြု လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ကိုကျော်(သုံးခွ)

 

mdn