သုံးနိုင်ငံ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများ ကျင်းပ

ရန်ကုန် ၇  ဇန်နဝါရီ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးသည့် မြန်မာ-ထိုင်း-လာအို မြန်မာ့ရိုးရာလက်ဝှေ့ သုံးနိုင်ငံစိန်ခေါ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ သိမ်ဖြူ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားရုံ၌ ကျင်းပရာ မြန်မာလက်ဝှေ့ ကစားသမားများ သုံးပွဲနိုင်၊ သုံးပွဲသရေ၊ တစ်ပွဲရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ငါးပွဲတွင် အဓိကတွဲဆိုင်းများအဖြစ် ပွဲ ၆၀ ထိုးသတ်ခဲ့ပြီး ၂၉ ပွဲ နိုင်၊ ပွဲ ၃၀ သရေကျထားကာ ရှုံးပွဲတစ်ပွဲသာ ရှိထားသည့် သွေးသစ်ဝင်းလှိုင်(မြန်မာ) နှင့် ပွဲ ၇၀ ထိုးသတ်ခဲ့ပြီး ၄၅ ပွဲနိုင်၊ ၅ ပွဲ သရေကျကာ ပွဲ ၂၀ ရှုံးနိမ့်ထားသည့် ကျင်လွပ်(ထိုင်း)တို့ပွဲတွင် ပထမအချီ ၁ မိနစ် ၅ စက္ကန့်၌ သွေးသစ်ဝင်းလှိုင်၏ လက်သီးထိုးချက်ကြောင့် ကျင်လွပ် အနားတောင်းခဲ့သည်။

ပထမအချီ၌ ကျင်လွပ်ပြန်လည် ထိုးသတ်သော်လည်း မိနစ် ၂၃ စက္ကန့်တွင် သွေးသစ်ဝင်းလှိုင်၏ ဘယ်ညာ လက်သီးတွဲလုံးကြောင့် ကျင်လွပ်အနားတောင်း အရှုံးပေးလိုက်ရသည်။

နောက်တစ်ပွဲဖြစ်သည့် သွေးသစ်မောင်(မြန်မာ)နှင့် ဆူ၀စ်(ထိုင်း)တို့ပွဲမှာလည်း သွေးသစ်မောင်၏ လက်သီးပါဝါကြောင့် ပထမအချီ၌ ဆူဂစ်နှစ်ကြိမ် အနားတောင်း၊ အမှတ်စဉ်ရေတွက်ခံရ၍ ဆက်လက် ယှဉ်ပြိုင်ထိုးသတ်နိုင်ခြင်းမရှိဘဲ သွေးသစ်မောင် အနိုင်ရရှိသွားသည်။

အခြားတွဲဆိုင်းများအဖြစ် လွမ်ချိုင်း (မြန်မာ)နှင့် ခုမ်ကစ် (ထိုင်း)တို့ပွဲမှာ သူတင်ကိုယ်တင် ထိုးကြသော်လည်း ပူးတွဲသရေကျခဲ့သည်။ ကိုယ်လုံးတူ၊ အရပ်တူကြသည့် အောက်ချင်းလေး(မြန်မာ)နှင့် ဘန်စီဟာခို့(လာအို) တို့ပွဲမှာလည်း ပရိသတ်သဘောကျခဲ့ပြီး အရှုံးအနိုင်မပေါ်ဘဲ သရေကျခဲ့သည်။

နောက်တစ်ပွဲဖြစ်သည့် မိုးမောင် (မြန်မာ)နှင့် မစ်စီဟာခို့(လာအို)ပွဲတွင် ပူးတွဲသရေကျခဲ့သည်။ နောက်တစ်ပွဲ ဖြစ်သည့် စောဘဟိန်း(မြန်မာ) လက်သီး၊ ခြေကန်ချက်များကြောင့် ၀မ်ချက်(ထိုင်း)ကို ပထမအချီ၌ အလဲထိုးနိုင်ခဲ့ကာ ဘဟိန်း အနိုင်ရရှိသွားသည်။

သိန်းစိုး(မြန်မာ)နှင့် အွန်လိုင်(ထိုင်း)တို့ပွဲမှာလည်း အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ကြကာ သိန်းစိုး သုံးချီမြောက်တွင် ဒဏ်ရာအနာတရ ရကာ အရှုံးပေးလိုက်ရသည်။

ယင်းပြိုင်ပွဲတွင် မျိုးဆက်သစ် စိန်ခေါ်ပွဲသုံးပွဲ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး