သုတရသနှင့် ပျော်ရွှင်မှုများစွာ ခံစားရမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)သို့ လာရောက်ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်

မကွေး ၁၂ ဒီဇင်ဘာ

အနာဂတ်နိုင်ငံတော်အတွက် အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို ဒီဇင်ဘာ ၁၄ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ မကွေးတက္ကသိုလ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်ရာ သုတရသနှင့် ပျော်ရွှင်မှုများစွာကို ခံစားရရှိမည့် အဆိုပါပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲကြပါရန် ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ ဖိတ်ခေါ်ထားသည်။

 

59637

 

အဆိုပါပွဲတော်ကို ‘ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့၊ လူငယ်ပွဲတော်နွှဲပျော်စို့’ ဆောင်ပုဒ်ဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များအား ဗလငါးတန်နှင့် ပြည့်စုံစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

‘ဒီပွဲတော်ကို လာရောက်ပါဝင်ဆင်နွှဲကြဖို့ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေက ကျောင်းသားကျောင်းသူတွေအတွက် နေ့စဉ် ကားနဲ့ကြို/ပို့ပေးဖို့ စီစဉ်ထားတဲ့အပြင် မကွေးတိုင်းဒေသကြီးအတွင်း (၂၅)မြို့နယ်က အခြေခံပညာကျောင်းအသီးသီးက ကျောင်းသားကျောင်းသူတွေကိုလည်း ဖိတ်ခေါ်ပြသဖို့ စီစဉ်ထားပါတယ်၊ ဒါ့အပြင် အခြားတက္ကသိုလ်ပြင်ပမှာရှိကြတဲ့ လူငယ်တွေကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ လာရောက်နွှဲပျော်ကြဖို့ ဖိတ်ခေါ်ထားပါတယ်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ လူငယ်တွေဖြစ်ဖို့ဆိုရင် သူတို့အတွက် အခွင့်အလမ်းကို ဖန်တီးပေးရမှာဖြစ်ပါတယ်၊ ဒီပွဲတော်ကျင်းပတဲ့ ရည်ရွယ်ချက်ကလည်း လူငယ်တွေအတွက် အခွင့်အလမ်းတွေကို ဖန်တီးပေးထားခြင်းဖြစ်တဲ့အတွက် မိမိတို့ကိုယ်တိုင် ပါဝင်ဆင်နွှဲကြပြီး ကိုယ့်ရဲ့အရည်အသွေးတွေကို တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ 

ဒါ့အပြင် မကွေးတိုင်းဒေသကြီးအတွင်းမှာရှိကြတဲ့ အလွှာအသီးသီးက ပုဂ္ဂိုလ်များအနေနဲ့ကလည်း ဒီပွဲတော်ကြီးမှာ လာရောက်ပူးပေါင်း ပါဝင်နွှဲပျော်ကြဖို့ ဖိတ်ခေါ်ပါတယ်’ဟု ပွဲတော်ကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဦးခင်မောင်ဦးက ပြောသည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို သုတရသဆိုင်ရာ ပြခန်းပေါင်း(၁၀ဝ)ကျော်ဖြင့် ခင်းကျင်းပြသသွားမည့်အပြင် စာပေဆိုင်ရာ လှုပ်ရှားမှုများ၊ အားကစားဆိုင်ရာ လှုပ်ရှားမှုများ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုများ၊ အိုင်တီနည်းပညာဆိုင်ရာ လှုပ်ရှားမှုများ၊ စာအုပ်အရောင်းဆိုင်များနှင့်အတူ နိုင်ငံကျော်တေးသံရှင်များနှင့် ငြိမ်းချမ်းရေးဂီတပွဲတော်ဆုရ အဆိုရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)၊ မေသူလွင်(မကွေး)