ထားဝယ် ငါးစဉ်းကော

ထားဝယ်ငါးစဉ်းကောထိုးရာတွင် မပါမဖြစ်ပစ္စည်းနှစ်မျိုးမှာ ငါးဇင်းပြားနှင့် ပအုံးရည်တို့ဖြစ်ပါ၏။ ပအုံးရည်ဆိုသည်မှာ ဓနိရည်ကို နှစ်နေပြကာဖောက်ထားသော ထားဝယ်ရိုးရာ အချဉ်ရည်ဖြစ်သည်။ ငါးဇင်းပြားမှာ ပင်လယ်ငါးတစ်မျိုးဖြစ်၍ ထူးခြားချက်မှာ မျက်လုံးအိမ်ကျယ်ပြီး မျက်စိကြီးမားသည်။ အသားမှာချိုပြီး နုသော်လည်း အရိုးငယ်လေးများ အထူးများသည်ဖြစ်ရာ စဉ်းကောထိုးစားမှ အဆင်ပြေသော ငါးမျိုးဖြစ်၏။

 

 

စဉ်းကောထိုးမည်ဆိုပါက ငါးဇင်းပြားကိုသန့်စင်ပြီး အသားလွှာရသည်။ ပြီးလျှင်ငါးအသားအတွင်း စိုက်ဝင်နေသော အရိုးငယ်များ ပြတ်တောက်သွားရန် ငါးအသားလွှာကို နုပ်နုပ်ပါအောင် စဉ်းရ၏။ ပြီးက စဉ်းထားသောငါးကို ဆားနှင့်နယ်ပြီး ပအုံးရည်၌ စိမ်ရပါမည်။ ၁ဝ မိနစ်ခန့်ထားပါက အရိုးနူးပြီး အသားကျက်သွားပြီဖြစ်၍ အရည်ကိုညှစ်ပစ်ပါ။ ဤသို့ နှစ်ကြိမ်ခန့်စိမ်၍ အရည်ညှစ်ပစ်ပါက ငါးအစိမ်းနံ့ပျောက်ကာ စဉ်းကောထိုးရန် အသင့်ဖြစ်ပါပြီ။ မျှင်ငါးပိနှင့် ငရုတ်စိမ်းတောင့်ကို မီးကင်၍ ညက်ညက်ထောင်း၊ ကြက်သွန်နီပါးပါးလှီးကာ ငရုတ်ကောင်းမှုန့်ဖြူးပြီး သုပ်လိုက်လျှင် ထားဝယ်သားများ မက်မက်စက်စက်ကြိုက်သော ဆီမလိုသည့် ငါးစဉ်းကောဟင်းတစ်ခွက်ရပါပြီ။ ထားဝယ်ဒေသ၌ ငါးစဉ်းကောကို သီဟိုဠ်ရွက်နုကလေးများနှင့် တွဲဖက်စားသုံးကြ၏။

 

မှတ်ချက်။ ငါးဇင်းပြားမရနိုင်က ငါးကုန်းညို၊ ငါးမုတ်၊ ငါးဓားလွယ် ငါးမျိုးများနှင့် စဉ်းကောထိုးစားကြသည်။ ပအုံးရည် မရှိက ရှောက်သံပရာနှင့် ရှာလကာရည်တို့ကို အစားထိုးသုံးသည်။

 

စံလွင် (ငါးဦးစီး)