ထားဝယ်မြို့နယ်တွင် လက်ကိုင်ဖုန်းများခိုးယူပြီး ဖုန်းဆိုင်အားမီးရှို့သွားသည့် တရားခံအား ဖော်ထုတ်အရေးယူ

နေပြည်တော် ၂၇ စက်တင်ဘာ

                                                           

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် လက်ကိုင်ဖုန်းခိုးယူပြီး ဖုန်းဆိုင်အား မီးရှို့သွားသည့် တရားခံအား ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူထားကြောင်း သိရသည်။

           

ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်ကွက်နေ ဦးရဲလွင်ဦးသည်  စက်တင်ဘာ ၂၂ ရက် နံနက် ၅ နာရီခန့်က BSM အမည်ဖြင့် အနောက်မြို့တွင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ဖွင့်လှစ်ထားသည့် ၎င်းပိုင် ဖုန်းအရောင်းဆိုင်တွင် မီးလောင်နေကြောင်း သိရှိရ၍ သွားရောက်ကြည့်ရှုရာ ဖုန်းများရောင်းချရန် ပြသထားသည့် ဗီရို(၈)လုံးအတွင်းမှ လက်ကိုင်ဖုန်းမျိုးစုံ အလုံး(၃ဝ)ခန့် (တန်ဖိုးငွေကျပ်သိန်း ၅ဝ ခန့်)မှာ ပျောက်ဆုံးနေပြီး CLick 125 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ ကောင်တာစားပွဲနှင့် Moniter (၁)လုံး စုစုပေါင်း တန်ဖိုးငွေကျပ် (၅၇)သိန်းခန့်တို့မှာ မီးလောင်ဆုံးရှုံးသွားကြောင်း တွေ့ရှိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ရှိ CCTV မှတ်တမ်းအား ကြည့်ရှုရာ ဆိုင်အတွင်းသို့ အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး ဖုန်းများခိုးယူသွားကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍  စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်တန်းချက်အရ ထားဝယ်မြို့မ ရဲစခန်း (ပ)၃၄၃ဝ/၂ဝ၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈ဝ/၄၃၆  ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်ခဲ့သည်။

 

အမှုအားစုံစမ်းစစ်ဆေးခဲ့ရာတွင် CCTV မှတ်တမ်းမှ အဆိုပါ အမျိုးသား၏ မှတ်တမ်းဓာတ်ပုံ အထောက်အထားနှင့် စစ်ဆေးဖော်ထုတ်ချက်များအရ ပြစ်မှုကျူးလွန်ခဲ့သူမှာ ကညုံရပ်ကွက်၊ ကရပ်ပြင်ရပ်၊ ပုထိုးကျောင်းလမ်းသွယ်နေ အာကာမျိုး ဖြစ်ကြောင်း သိရှိရပြီး ရှာဖွေဖမ်းဆီးခဲ့ရာ စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီတွင် သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွဘူတာအနီးတွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရဲပြန်ကြား