ထားဝယ်မြို့တွင်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဒီပလိုမာသင်တန်းကျောင်းဖွင့်လှစ်ရေး ဆွေးနွေး

ထားဝယ်     ၂၃       ဇူလိုင် 

 

ထားဝယ်မြို့တွင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျာမနီနိုင်ငံ Senior Experter Services အဖွဲ့အစည်းမှ Senior Expert နှစ်ဦးတို့သည် ထားဝယ်မြို့ရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံလျှက် ခရီးသွားလုပ်ငန်းဒီပလိုမာသင်တန်းကျောင်း  တည်ဆောက်ရေး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးညှိနှိုင်းပွဲ အခမ်းအနားကို ယနေ့နံနက်  ၁၀ နာရီ ထားဝယ်မြို ့၊ ဇေယျာထက်စံဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ ့သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်  က အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ ့အခမ်းအနား၏ အဓိက ရည်ရွယ်ချက်သည် မြန်မာနိုင်ငံတွင်  ဟိုတယ် နှင့်ခရီးသွားဒီပလိုမာသင်တန်းကျောင်း တည်ဆောက်ရန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ကို ဟိုတယ်နှင့်ခရီး သွားဝန်ကြီးဌာန က ရွေးချယ်ထားကြောင်းနှင့် Feasibility Study ကို တိုင်းအစိုးရအဖွဲ့၊ ဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်အသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး ဝိုင်းဝန်းအကြံပြုခြင်းဖြစ်ပါကြောင်း၊

 

ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Value Chain တစ်လျှောက် ဝန်ဆောင်မှုများအထိ တန်ဖိုးကွင်းဆက်ပြည့်မီနိုင်ရေး အရည်အသွေးပြည့်မှီနိုင်မည့် အဆောက်အဦများ ဖန်တီးတည်ဆောက်နိုင်ရေးအတွက် စီမံကိန်းတစ်ရပ် Human Resources စသည်တို့ကို မြှင့်တင်ပေးမှာဖြစ်ကြောင်း၊ ဒါအပြင် ပြည့်ပြည့်စုံစုံ လေ့လာသင်ယူနိုင်ရန်အတွက် Intensive Training တွေနှင့် လက်တွေ့ချက်ချင်းပြန်  လည်အသုံးချနိုင်သော စီမံခန့်ခွဲမှုဘာသာရပ်များကို လေ့လာနိုင်မှာ ဖြစ်သည့်အတွက် ထားဝယ်ဒေသရှိ  လူငယ် လူရွယ်များအနေဖြင့် မိမိတို့တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်နေသော အလုပ်အပိုင်းခြားများကို ထိထိရောက်ရောက်  စီမံခန့်ခွဲနိုင်မှာ ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့နှင့်အတူ  ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း ပြောကြားသည်။

 

ထိုနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အောက်မြန်မာပြည်ရုံးခွဲများတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက သင်တန်းကျောင်း ဖွင့်လှစ်တည်ဆောက်ရန်အတွက် ဂျပန်ပညာရှင်များမှ လာရောက်ကူညီပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ သင်တန်းဖွင့်လှစ်နိုင်ရန်အတွက်လည်း ပူးပေါင်းကြိုးစားပေးကြရန်လိုကြောင်းနှင့် ဟိုတယ်နှင့်ခရီးသွားဘာသာရပ် ဒီပလိုမာသင်တန်းကျောင်း တည်ဆောက်ရန်ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း  ဆွေးနွေးပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးညိုအေးက    ဟိုတယ်နှင့်ခရီးသွားဘာသာရပ် ဒီပလိုမာသင်တန်းကျောင်း ထူထောင်ရခြင်းအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ Senior Experter Services ( SES ) အဖွဲ့အစည်းမှ Senior Expert MR.Helmut Lindthaler မှ ခရီးသွားလုပ်ငန်းဒီပလိုမာသင်တန်းကျောင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် မြန်မာပြည်ကို ကမ္ဘာကသိအောင် လုပ်ရန် အများကြီးလိုအပ်နေသေးကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၃)မှာ ကျောင်း(၁)ကျောင်းစီရှိလျှင် အရမ်းကောင်းမွန်မည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းတည်ဆောက်ရန်အတွက အချိန်တွေအများကြီးပေးရမှာဖြစ်ကြောင်းနှင့် ( SES )အဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများအကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဧည့်လမ်းညွှန်များအသင်းတို့က သင်တန်းကျောင်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

ခရိုင်ပြန်/ဆက်