ထားဝယ်ရိုးရာ ငါးစင်ရိုင်းသစ်တိုသီးချဉ်ရည်ဟင်းလျာ

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများသည် ဟင်းလျာများချက်ပြုတ်ရာ၌ အချဉ်အရသာရရှိရန်အတွက် ဒေသအလိုက်ထွက်ရှိသော အချဉ်သီးနှံ အမျိုးမျိုးကို သုံးစွဲကြပါ၏။ မန်ကျည်းသီး၊ ဆီးသီး၊ သရက်၊ မရန်းနှင့် ချဉ်စော်ကားသီး၊ သပြုသီးအစရှိသည့် သီးနှံများကား အချဉ်တည်ရာနှင့် ဟင်းလျာများကို အချဉ်ချက်ပြုတ်ရာ၌ အသုံးများပါသည်။ ထိုသီးနှံများကား အချဉ်သီးများ ဖြစ်ကြသော်လည်း ချဉ်ပုံချဉ်နည်းကွာခြားသည့်အလျောက် အချဉ်အရသာလည်း ကွဲပြားခြားနားသွားသည်ကို သတိပြုမိကြပါလိမ့်မည်။

 

ထားဝယ်ဒေသ၌ မတ်လနှင့် ဧပြီလ သစ်တိုသီးပေါ်သည့်ရာသီတွင် အချိန်ကိုက် ပေါပေါများများရတတ်သည့် ဥကပ်ငါးစင်ရိုင်းများနှင့် တွဲဖက်၍ ချက်လေ့ရှိကြသော သစ်တိုသီးငါးစင်ရိုင်းချဉ်ရည်ကား နာမည်ကြီး ထားဝယ်ရိုးရာ ဟင်းလျာတစ်ခွက်ဖြစ်ပါ၏။ သစ်တိုသီး၏ အချဉ်အရသာသည် မန်ကျည်း သီး၊ မရန်းသီးများကဲ့သို့ အချဉ်မစူးဘဲ သစ်တိုသီး၏ ရနံ့နှင့် အချဉ်ပြေပြေ အရသာကြောင့် ငါးစင်ရိုင်းနှင့်တွဲချက်ထားသော ဟင်းခွက်ကား ထူးခြားသည်ဟု ဆိုနိုင်သည်။ အချို့ကား သစ်တိုသီးကိုဝက်သားနှင့်တွဲချက်၏။ သူ့ချည်း သက်သက်လည်း သစ်တိုသီးငါးပိချက် ချက်ကြသေးသည်။ သစ်တိုသီးကို ဟင်းလျာသုံးရာ၌ အပေါ်ခွံအထူကိုသာ အသုံးပြုပြီး အတွင်းရှိအမြွှာများကို မသုံးကြပါ။

 

 

အရွယ်တော် ငါးစင်ရိုင်းလေးများကို ခေါင်းဖြုတ်၊ ဆူးတောင်ခုတ်၍ အချွဲများသန့်စင်အောင်ဆေးကြောပြီး၊ ဆား၊ နနွင်းနှင့် မျှင်ငါးပိသင့်ရုံထည့်နယ်၊ ထောင်းထားသော ငရုတ်၊ ကြက်သွန် နီ/ဖြူနှင့် ဆီသတ်ကာ အခွံနွှာ၍ အနေတော်စိတ်ထားသော သစ်တိုသီးစိတ်များ ထည့်၍လုံးပါ။ ဆီပြန်က ရေအနေတော်ထည့်၍ ဗမာနံနံ၊ ရှမ်းနံနံ ရရာနှင့် ငရုတ်သီးစိမ်းတောင့် ထက်ခြမ်း ခွဲလေးများအုပ်ကာ သောက်ဆမ်းချက်ရပါမည်။ သစ်တိုသီးအချဉ်ဓာတ်ကြောင့် ငါးကလေးများ တောင့်နေပြီး အရသာချိုချဉ်ကဲနေသည့် ဟင်းရည်အရသာကား စွဲလောက်ပါ၏။

 

ငါးစင်ရိုင်းသစ်တိုသီး ချဉ်ရည်ဟင်းလျာကား မိုးဦးကျသစ်တိုသီးနှင့် ငါးစင်ရိုင်းပေါ်ချိန်၌ ထားဝယ်တစ်နယ်လုံးလိုလိုချက်လေ့ရှိကြသော ရိုးရာဟင်းလျာဖြစ်ပေရာ ထူးကဲသော အတွဲအဖက်ဟင်းလျာတစ်ခွက်အနေဖြင့် လက်ဆင့်ကမ်းလိုက်ရပါကြောင်း။

 

စံလွင်(ငါးဦးစီး)