ထားဝယ်ရိုးရာ သပိတ်မျှောပွဲ‌တော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ထားဝယ်  စက်တင်ဘာ ၂၉

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော ထားဝယ် ရိုးရာ သပိတ်မျှောပွဲတော်ကို  သီတင်းကျွတ်လပြည့်နေ့တွင် ထားဝယ်မြစ်ကမ်းရှိ တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့ အပန်းဖြေရင်ပြင်၊ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

 

သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိပြီး သပိတ်မျှောပွဲသို့ လာရောက်သူများအား တေးဂီတများဖြင့်ဧည့်ခံဖျော်ဖြေခြင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှုအက၊ ထားဝယ်ဒေသ သပိတ်မျှောပွဲ အက၊ ရွှေဝယ်သူများ ရေအိုးရွက်ယိမ်းအက၊ အိုးစည်အက၊ သမိုင်းအလှတနင်္သာရီအက၊ ရွှေဝယ်သူ များ ရေခပ်သွား အက၊  များဖြင့် သီဆိုဧည့်ခံ ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။

 

သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်အထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုးစသည့် လှူဖွယ်များကိုထည့်ပြီး တံခွန်၊ ကုက္ကားများစိုက်ထူ၍ ဆီးမီးများ ထွန်းညှိကာ သပိတ်မျှောခဲ့ခြင်းဖြစ်ပြီး ရာသီဥတုမိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါး စီးပွား ဥစ္စာပေါများ တိုးတက်စေရန်၊မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့်မကောင်းသော ဘေးကံကြမ္မာ အပေါင်း ကင်းဝေး လွတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်မြို့တွင် ရှေးအစဉ် အဆက်ကတည်းက နှစ်စဉ်ကျင်းပလေ့ရှိသည်။

 

ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကိုရှေးရိုးရာအစဉ်အလာအတိုင်းစည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ရွှေပင်လယ်(ထားဝယ်)