ထေးပလော်ခူကျေးရွာအတွက် ခန်းမဆောင်သစ် တည်ဆောက်ဖွင့်လှစ်

လွိုင်ကော် ၂၃ ဇွန်

 

လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စု ၊ ထေးပလော်ခူကျေးရွာရှိ ရွာသူရွာသားများအတွက် လိုအပ်လျက်ရှိသော အလျား (၇၂)ပေ၊ အနံ (၂၇)ပေ၊ အမြင့် (၁၂)ပေ ရှိ ခန်းမဆောင်သစ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းသည့် လူထုဗဟိုပြုစီမံကိန်း လွိုင်ကော်-ရှားတောမြို့နယ် စီမံကိန်း ( ဒုတိယနှစ်စက်ဝန်း ) ထောက်ပံ့ ရန်ပုံငွေ (၁၉၄၉၈၁၅၀)ကျပ် နှင့် ကျေးရွာလူထုထည့်ဝင်ငွေ (၁၀၈၅၀ဝ၀)ကျပ် စုစုပေါင်း (၂၀၅၈၃၁၅၀) ကျပ်ဖြင့် အကောင်အထည်ဖော်တည်ဆောက်ခဲ့ရာ ပြီးစီးပြီဖြစ်၍ ခန်းမဆောင်ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၃ ရက် နံနက် (၉းဝ၀)နာရီအချိန်က လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ ထေးပလော်ခူကျေးရွာရှိ ခန်းမဆောင် သစ်၌ ကျင်းပသည်။

 

အခမ်းအနားကို ထေးပလော်ခူ ကျေးရွာ လူငယ်အဖွဲ့က ရှင်သန်မြဲစေ သီးချင်းဖြင့်လည်းကောင်း၊ ကလေးငယ်လေးများက သနပ်ခါး သီးချင်းဖြင့်လည်းကောင်း၊ မော်မိုးအဖွဲ့က ဖားစည် သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေဖွင့်လှစ်ပြီး ကယားပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်က အဖွင့်အမှာစကားပြောကြားရာတွင် " ဒီခန်းမ ဆောင်ဖြစ်မြောက်ဖို့အတွက် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက် ပေးကြတဲ့ စီမံကိန်းဝန်ထမ်းများနဲ့ ကျေးရွာသူ/ကျေးရွာသားများအားလုံးကို အထူးကျေးဇူးတင်တယ်။ ကျေးရွာလူထုနဲ့ ကျေးရွာ ကော်မတီများမှ ကိုယ်တိုင်ရွေးချယ်ထားတဲ့ စီမံကိန်းလုပ်ငန်းခွဲများကို ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ကျေးရွာလူထုရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အသွေးကို မြှင့်တင်စေသလို ဒီစီမံကိန်းလုပ်ငန်းပြီးစီးသွားသော်လည်း ဒီခန်းမဆောင်ကို ရေရှည် တည်တံ့ခိုင်မြဲအောင် ဆက်လက်ထိန်းသိမ်းဖို့ လိုအပ်တယ်။ " ဟု ပြောကြားသည်။

 

ဆက်လက်၍ လွိုင်ကော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်မှူး ဒေါ်အိအိခင် က စီမံကိန်း လုပ်ငန်းစဉ်အကြောင်း ရှင်းလင်းတင်ပြပြီး နွားလဝိုးကျေးရွာအုပ်စု၊ ထေးပလော်ခူကျေးရွာ စီမံကိန်းအထောက်အကူပြု ကော်မတီ ဥက္ကဌ မှ ဒီခန်းမဆောင်ကြီးဟာ ကျွန်တော်တို့ ကျေးရွာအတွက် အရှိမဖြစ် လိုအပ်တဲ့ ခန်းမဆောင်ဖြစ်လို့ ကျေးရွာသူရွာသားများ ကိုယ်စားဝမ်းသာပျော်ရွှင်မိတယ်။ ဒါ့ကြောင့် ဒီခန်းမဆောင်ကြီးပျက်စီးမသွားအောင်ကျေးရွာလူထုနှင့်အတူ ထိန်းသိမ်းစောင့်ရှောက် သွားမှာပါ။ ကျွန်တော်တို့ကျေးရွာအတွက်ခန်းမဆောင်ကြီးကို တည်ဆောက်ပေးတဲ့ အတွက် အထူးကျေးဇူးတင်ရှိပါတယ် ဟု ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်၊ လွိုင်ကော်မြို့နယ်စီမံကိန်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမိုးနှင့် ကျေးရွာဥက္ကဋ္ဌတို့က ခန်းမဆောင်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ၊ ခန်းမဆောင် လုပ်ငန်း ဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။

 

အခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ စီမံကိန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ စီမံကိန်းမှ တာဝန်ခံများနှင့် ဝန်ထမ်းများ ၊ ကော်မတီဝင်များ၊ ကျေးရွာဥက္ကဌနှင့် ကျေးရွာသူရွာသားများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

ကိုစိုင်း (လွိုင်ကော်)