ထီးချိုင့်မြို့နယ် တရားရုံးမှ အကြီးတန်းစာရေး(ဘိလစ်စာရေး) ဦးဌေးဝင်း အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

နေပြည်တော်  ၃၀  ဩဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ တောင်တန်းကျွန်းစုတွင် တစ်ရွာတည်းနေသူမှ ဓားဖြင့်ခုတ်ခဲ့သဖြင့် တရားခံအား မြို့နယ်တရားသူကြီးမှ ထောင်ဒဏ်(၂)နှစ် ချမှတ်ခဲ့မှုအပေါ်ကျေနပ်မှုမရှိ၍ ပြင်ဆင်မှုတက်ရန်ကိစ္စအား ကူညီမည်ဟုဆိုပြီး ငွေကြေးတောင်းခံခဲ့သော ထီးချိုင့်မြို့နယ်တရားရုံးမှ ဘိလစ်စာရေးအားအရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားခဲ့သည်။


တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် တရားရုံးမှ အကြီးတန်းစာရေး(ဘိလစ်စာရေး) ဦးဌေးဝင်းသည် ထီးချိုင့်မြို့နယ်တရားရုံး ရာဇဝတ်ကြီးမှုအမှတ် ၁၄၇/၂၀၁၇ အမှုနှင့်ပတ်သက်၍ တရားခံအား ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ် ချမှတ်ခံရမှုအပေါ် ပြစ်မှုနှင့် ပြစ်ဒဏ် ညီမျှခြင်းမရှိဟုယူဆ၍ ပြင်ဆင်မှုတက်ရောက်ရန်နှင့် တရားရုံးတွင် နစ်နာကြေးရရှိရေးအတွက် အကူအညီပေးမည်ဟုပြောဆိုပြီး ငွေကျပ် ၅,၆၆၀,ဝ၀ဝ ကို အကြိမ်ကြိမ်ခွဲ၍ တောင်းခံရယူခဲ့ခြင်းသည် အဂတိလိုက်စား၍ အမှုသည်ထံမှ တံစိုးလက်ဆောင်များ ရယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် တရားရုံးမှ အကြီးတန်းစာရေး (ဘိလစ်စာရေး) ဦးဌေးဝင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၇ အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့မရဲစခန်းတွင် ၃၀-၈-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ACC Myanmar မှ သိရသည်။


MDN


Soruce-ACC Myanmar