ထီးလင်းမြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု (၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်

ထီးလင်း အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်ဆီဂျင်အရေးပေါ်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ထီးလင်းမြို့ အောင်တော်မူ ဘုရားပရိဝုဏ်၌ အောက်ဆီဂျင်စက်ရုံကို စက်တင်ဘာ ၅ ရက်တွင် ပန္နက်ရိုက် စတင်၍ တည်ဆောက်လျက်ရှိရာ ယခုအခါ (၅၀) ရာခိုင်နှုန်း တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါထီးလင်းမြို့တွင် တည်ဆောက်ထားသည့်အောက်ဆီဂျင်စက်ရုံ အဆောက်အဦမှာ အလျား ပေ ၆၀၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေရှိပြီး ခန့်မှန်းငွေကျပ်သိန်း ၂၀၀ ကျော် ခန့် ကုန်ကျမည်ဖြစ်သည်။ စက်ရုံအတွက် အသုံးပြုမည့်အောက်ဆီဂျင်စက်ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့ပေးထားပြီး လျှပ်စစ်ပိုင်း(200) KVA ထရန်စဖော်မာကို အသုံးပြုမည်ဖြစ် ကြောင်း၊ စက်ရုံတည်ဆောက်မှုကို ထီးလင်းမြို့ မင်္ဂလာကျောင်းဆရာတော် ဦးသောဘဏ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသဖွံ့ဖြိုးရေးနှင့်လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုအခါ စက်ရုံတည်ဆောက်မှုလုပ်ငန်းမှာ (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ရာ တည်ဆောက်ပြီးစီးပါက ဒေသအတွင်းရှိ ပြည်သူများ၏ အောက်ဆီဂျင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)