ထိခိုက်ဆုံးရှုံးမှုများလျှော့ချဖို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်စို့ 

မောင်သောင်းဝင်း(တမန်ဟောင်း)

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း၌ မီးလောင်မှုအကြိမ် ၁၇၀၀ နီးပါးဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ငွေကျပ်သန်းပေါင်း ၃၅ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း၊ သေဆုံးသူ ၇၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၃ ဦး ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားရှိသည်။ မီးလောင်မှုဖြစ်စဉ် အများဆုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃၂ ကြိမ်၊ ဒုတိယအများဆုံးအနေဖြင့် ရှမ်းပြည်နယ်တွင် ၁၈၃ ကြိမ်နှင့် တတိယအများဆုံးအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ၁၇၅ ကြိမ် ဖြစ်ပွားခဲ့သည်။

အသိပညာပေး

ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း မီးလောင်မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံတစ်ဝန်း အရှိန်အဟုန်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့ အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ၁၂၅ မြို့နယ်မှ အိမ်ခြေ ၃၄၀၀၀ တွင် နေထိုင်လျက်ရှိသည့် ပြည်သူ ၁၂၀၀၀၀ ကျော်အား မီးဘေးလုံခြုံရေးဆိုင်ရာ အသိ ပညာပေးဆောင်ရွက်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ရာတွင် မီးသတိမူရေးဆိုင်ရာနှိုးဆော်ခြင်း၊ မီးဘေးလုံခြုံရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို တစ်အိမ် တက်ဆင်းစစ်ဆေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ပညာပေးခြင်းများ လုပ်ဆောင်ခဲ့သည်။

ရန်သူလား မိတ်ဆွေလား

မီးသည် နွေ၊ မိုး၊ ဆောင်း အချိန်မရွေး၊ နေရာမရွေး လောင်တတ်သဖြင့် ထိုမီးဘေးအန္တရာယ်ကို လူတိုင်းအထူးဂရုပြုသင့်သည်။ မီးဘေးအန္တရာယ်ကြောင့် တန်ဖိုးရှိသည့် လူ့အသက်များစွာ ဆုံးရှုံး ခဲ့ရသည်။ “မီး” သည် သုံးတတ်လျှင် “မိတ်ဆွေ” ဖြစ်သော်လည်း မသုံးတတ်သူများအတွက်မူ “ရန်သူ” ထက်ပင် အန္တရာယ်ကြီးမားနေမည် ဖြစ်သည်။ “လူခိုးလျှင် အစုတ်ကျန်၊ မီးခိုးလျှင် အပြုတ်နှံ” ဆိုသောစကားများကလည်း မီးဘေး အန္တရာယ်ကို ကြိုတင်သတိပေးနေခြင်းပင်ဖြစ်သည်။

ကြိုတင်ပြင်ဆင်ထားသင့်

မြန်မာနိုင်ငံတွင် မိုးအကုန် ဆောင်းအကူး အချိန်တွင် ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ် မကြာခဏ ကြုံတွေ့ရသည်။ အစိုဓာတ်ခန်းခြောက်သည့် အချိန်တွင် နိုင်ငံတစ်ဝန်း ကြုံတွေ့ရတတ်သည့် သဘာဝဘေးတစ်ခုသည် မီးဘေးအန္တရာယ်ပင် ဖြစ်သည်။ တောမီးလောင်ခြင်းများ အပါအဝင် ကျေးရွာကြီးများ၊ လူနေထူထပ်သော မြို့ကြီးများ တွင် အကြောင်းအမျိုးမျိုးကြောင့် မီးလောင်မှုများ ကြုံတွေ့ရတတ်သည်။ မီးလောင်မှုအများဆုံးသည် ပေါ့ဆမှုကြောင့်ဖြစ်သည်။ ထို့ကြောင့် နွေရာသီတွင် မီးဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ လူတစ်ဦး တစ်ယောက်၏ ပေါ့ဆမှုကြောင့် မကြာခဏကြုံတွေ့ရသည်။ အထူးသဖြင့် ပူပြင်းခြောက်သွေ့သော နွေရာသီတွင် ဆုံးရှုံးမှုများစွာဖြစ်ပေါ်စေသည့် မီးလောင်မှုများကို ပြည်သူတိုင်း “မီးအသိ၊ မီးသတိ” ရှိနေရန် လိုအပ်သည်။ ရုံး၊ ဌာန၊ ကုမ္ပဏီများ၊ နေအိမ်၊ အဆောက်အအုံများတွင် မီးသတ်ဆေးဘူးများ၊ ရေ၊ သဲ၊ မီးချိတ်၊ မီးကပ် စသည့် မီးငြှိမ်းသတ်ရေး အထောက်အကူပစ္စည်းများကို လုံလောက်စွာထားရှိရန် လိုအပ်သည်။

မီးသတ်ဆေးဘူးများကို နှစ်စဉ် ဆေးဖြည့်ထားရန် လိုအပ်သည်။ ဝန်ထမ်းအားလုံးကိုလည်း မီးသတ်ဆေးဘူး ကိုင်တွယ်နည်းသင်တန်းများ ပို့ချထားသင့် သည်။ တချို့သော ရုံး၊ ဌာနများသည် မီးသတ်ပစ္စည်းများကို ဟန်ပြသက်သက်လောက်သာ ထားရှိကြသဖြင့် မီးဘေးအန္တရာယ် ကြုံတွေ့ရသည့်အချိန်တွင် ထိုပစ္စည်းများကို ထိရောက်စွာ ကိုင်တွယ်အသုံးမပြု နိုင်ကြတော့ပေ။

ရပ်ကွက်၊ ကျေးရွာများတွင်လည်း အိမ်တိုင်း ရေအိတ်၊ သဲအိတ်၊ မီးချိတ်၊ မီးကပ်၊ လှေကား စသည့် မီးငြှိမ်းသတ်ရေး အထောက်အကူပစ္စည်းများကို လုံလောက်စွာထားရမည်။ တတ်နိုင်ပါက ရပ်ကွက် လမ်းဆုံများတွင် အရန်ရေကန်ကြီးများ တည်ဆောက်ကာ ရေအပြည့်ဖြည့်ထားရမည်။ ထို့ပြင် အိမ်တိုင်းတွင် သဲများ စုပုံထားရမည်။ သစ်တော၊ သစ်ပင်များနှင့်နီးသော ရုံးများ၊ စက်ရုံများနှင့် လူနေအိမ်များ၊ အဆောက်အအုံများ၏ပတ်ပတ်လည်တွင် မီးတားလမ်းများ ကြိုတင်ရှင်းလင်းထားရမည်။ ထို့ပြင် ကျေးလက်ဒေသများ တွင်လည်း ထမင်း၊ ဟင်းချက်ရန်အတွက် မီးကျင်းများကို ခပ်နက်နက်တူးထားရန် လိုအပ်ပါသည်။ အထူးသဖြင့် ထမင်း၊ ဟင်းကို သတ်မှတ်ချိန်တွင်သာ ချက်ပြုတ်စေပြီး မီးကြွင်းမီးကျန်များကိုလည်း စနစ်တကျ စစ်ဆေးရမည်။

ဇာတ်တိုက်လေ့ကျင့်

မီးလောင်မှုဖြစ်စဉ်ကြုံတွေ့ချိန်မှသာ ဖြစ်သလို မီးငြှိမ်းသတ်သည်ထက် မီးငြှိမ်းသတ်နည်းများကို ရပ်ကွက်၊ ကျေးရွာအလိုက် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားရမည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် မီးသတ်ကားများဝင်၊ ထွက်နိုင်အောင်လမ်းများ ရှင်းလင်းခြင်း၊ ရောဂါသည်များ၊ သက်ကြီးရွယ်အို ဘိုးဘွားများနှင့် ကလေးများကို ဦးစားပေး ကယ်ဆယ်ရေးအတွက် စနစ်တကျ ဇာတ်တိုက်ထားမှသာ မီးဘေးအန္တရာယ်မှ ကာကွယ်နိုင်မည် ဖြစ်သည်။ ထို့ပြင် ရပ်ကွက်၊ ကျေးရွာအလိုက်လည်း အရန်မီးသတ်တပ်ဖွဲ့များ စနစ်တကျ ဖွဲ့စည်းထား သကဲ့သို့ ရပ်ကွက်မီးကင်းတဲများသည် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အပြင် ရပ်ကွက်လုံခြုံရေးကိုလည်း များစွာအထောက်အကူပြုပါသည်။

လမ်းများချဲ့ထားရန်လို

တချို့သော ရပ်ကွက်၊ ကျေးရွာများတွင် လမ်းများကို စနစ်တကျဖောက်လုပ်ထားလေ့မရှိပေ။ လမ်းပေါ်အထိ နယ်မြေချဲ့ကာ အိမ်များအဖီဆွဲခြင်း၊ ဈေးဆိုင်များဆောက်ခြင်း၊ ခြံဝင်းခတ်ထားခြင်းများ လုပ်ထားလေ့ရှိကြသည်။ ထိုရပ်ကွက်၊ ကျေးရွာများတွင် မီးဘေးအန္တရာယ်ကြုံတွေ့ရသည့်အခါ မီးသတ်ကားများ၊ ကယ်ဆယ်ရေးယာဉ်များ အချိန်မီ ဝင်ရောက်နိုင်ခြင်းမရှိသည့်အခါ တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံး မီးလောင်ဆုံးရှုံးမှု ပိုမိုများပြားသွားနိုင်သည်။ ထို့ပြင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ် များကိုလည်း အချိန်မီကယ်တင်နိုင်ခြင်းမရှိသည့်အတွက် အသက်များဆုံးရှုံးကြရသည်။

ထို့ပြင် တချို့သောရပ်ကွက်များရှိ လမ်းများသည်လည်း လွန်စွာကျဉ်းမြောင်းသောကြောင့် မီးလောင်ရာနေရာသို့ မီးသတ်ကားများ အချိန်မီ ဝင်ရောက်နိုင်ခြင်းမရှိကြချေ။ ထို့ကြောင့် ရွာအဝင်လမ်းများ၊ ရပ်ကွက်လမ်းများကို မီးသတ်ကားများ ဝင်၊ ထွက် သွားလာနိုင်သည်အထိ ချဲ့ထားရပေမည်။

လျှပ်စစ်ပစ္စည်းများကိုစစ်ဆေးရန်လို

နွေရာသီရောက်ရှိချိန်တွင် လျှပ်စစ်မီးရရှိသည့် ဒေသများ၌ ငွေကြေးတတ်နိုင်သူများသည် အပူဒဏ် ကို အန်တုရန်အတွက် အဲကွန်း၊ ပန်ကာ၊ ရေခဲသေတ္တာများကို အချိန်ပြည့်သုံးစွဲလာကြသည်။ ထိုသို့လျှပ်စစ်မီးကို လွန်ကဲစွာအသုံးပြုပါက ဝိုင်ယာ ကြိုးများ ခံနိုင်ရည်မရှိသဖြင့် အရည်ပျော်ပြီး ရှော့ခ်ဖြစ်တတ်ပါသည်။ နှစ်စဉ် ဝိုင်ယာရှော့ခ်မှ တစ်ဆင့်မီးလောင်ကျွမ်းမှုကြောင့် လူပေါင်းမြောက်မြားစွာ အိုးမဲ့အိမ်မဲ့ဖြစ်ပေါ်လျက်ရှိသည်။ ထို့ပြင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည်လည်း လွန်စွာ ပင် များပြားလျက်ရှိသည်။ 

ထို့ကြောင့် နွေရာသီတွင် လျှပ်စစ်ဝိုင်ယာကြိုးများ၊ မီးပလပ်များ၊ ခလုတ်များ၊ ဖြူးစ်များ၊ ဘရိတ်ကာများ စသည့် လျှပ်စစ်အထောက်အကူပြုပစ္စည်းများကို ကျွမ်းကျင်သူများနှင့် စစ်ဆေးပြီး လိုအပ်ပါက အသစ်လဲလှယ်ရပါမည်။ ငွေကုန်မည်ကို နှမြောပြီး လျှပ်စစ်ပစ္စည်းဟောင်းများကိုသာ ဆက်လက်သုံးစွဲနေပါက ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားနိုင်ပါသည်။ 

ထို့ပြင် လုပ်ငန်းတာဝန်ဖြင့် အပြင်သို့သွားနေပါ ကလည်း လျှပ်စစ်မီးခလုတ်အားလုံးကို ပိတ်ထား သင့်ပါသည်။ တတ်နိုင်ပါက အဆောက်အအုံအတွင်း သို့ဝင်သည့် ဘရိတ်ကာကို ချထားခဲ့သင့်သည်။ အဝင်မီးခလုတ်အားလုံး ပိတ်ထားမည်ဆိုလျှင် လုံးဝစိတ်ချနိုင်ပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လျှပ်စစ်မီးကို ပေါ့ပေါ့ဆဆမထားဘဲ သတိရှိရှိဖြင့် သုံးစွဲသွားရန်လိုအပ်ပေသည်။ မီးလောင်မှုဖြစ်ပွားခဲ့လျှင်လည်း ဆုံးရှုံးမှုနည်းအောင် ကြိုတင်စီမံထား ရပါသည်။ အထူးသဖြင့် မီးသတ်တပ်ဖွဲ့ကို ချက်ချင်းအကြောင်းကြားရန်လိုသည်။ 

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်    

ဆိုရလျှင် မျက်မှောက်ကမ္ဘာကြီးတွင် အစွန်းရောက်ရာသီဥတုကြောင့် လူသားတို့သည် သဘာဝ ဘေးအန္တရာယ်များကို နှစ်စဉ် ပိုမိုကြုံတွေ့ခံစားနေကြရသည်။ ခပ်စိပ်စိပ် ဖြစ်ပေါ်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်များသည် လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာတို့ကို ခြိမ်းခြောက်လာ လျက်ရှိသည်။ နှစ်စဉ်မိုးကြီးခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေငလျင်လှုပ်ခတ်ခြင်း၊ ဆူနာမီလှိုင်းကြီးများ ရိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် သဘာဝဘေးအန္တရာယ်များအပြင် လူသားတို့၏ ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်များကိုပါ ကြုံတွေ့ခံစားနေကြရသည်။ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဘေး အန္တရာယ်အမျိုးမျိုးအနက် မီးဘေးအန္တရာယ်သည် ၇၀ ရာခိုင်နှုန်းခန့် ရှိနေသည်။

ဆိုရလျှင် နှစ်စဉ် နွေ၊ မိုး၊ ဆောင်း ရာသီဥတု သုံးမျိုးကို မဖြစ်မနေ ဖြတ်သန်းနေရမည် ဖြစ်သည်။ ပွင့်လင်းရာသီရောက်ရှိချိန်တွင် မီးဘေး အန္တရာယ်ကြုံတွေ့ရလေ့ရှိသည်။ ထို့ကြောင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပါသည်။ အထူးသဖြင့် ရုံး၊ ဌာန၊ ကုမ္ပဏီများ၊ နေအိမ်၊ အဆောက်အအုံ များတွင် မီးသတ်ဆေးဘူးများ၊ ရေ၊ သဲ၊ မီးချိတ်၊ မီးကပ် စသည့်မီးငြှိမ်းသတ်ရေးအထောက်အကူ ပစ္စည်းများကို လုံလောက်စွာထားရှိရန် လိုပါသည်။ မီးသည် “သုံးတတ်လျှင်မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူ” ဆိုသည့်စကားအတိုင်း မီးလောင်ခံရလျှင် ပိုင်ဆိုင်မှုအားလုံးကို အလုံးစုံဆုံးရှုံးရနိုင်သဖြင့် ထိခိုက်ဆုံးရှုံးမှုများလျှော့ချဖို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်ကြရန် အကြံပြုတိုက်တွန်း လိုက်ရပါသည်။    ။