ထိခိုက်ဆုံးရှုံးမှုနည်းအောင် ခိုင်ခံ့စွာတည်

 

 

ရာသီဥတုဆိုင်ရာ သဘာဝဘေးများကြောင့် ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ပြည်သူ ၁၇ ဒသမ ၂ သန်းခန့်သည် မိမိတို့၏နေရပ်ဒေသများကို စွန့်ခွာခဲ့ကြရသည်။ ဖွံ့ဖြိုးမှုနှေးကွေးသောနိုင်ငံများတွင် သဘာဝဘေးကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ နေအိမ်ဆုံးရှုံးမှုများ၊ နေရပ်စွန့်ခွာရမှုများ၊ အရေးပေါ်အကူအညီ လိုအပ်မှုများမှာ ဖွံ့ဖြိုးပြီး နိုင်ငံများထက် ခြောက်ဆခန့်ပိုမိုများပြားကြောင်း သိရသည်။ သဘာဝဘေးအန္တရာယ်များကြောင့် ဆင်းရဲနွမ်းပါးသူများ၏ ဘဝများမှာ နာလန်မထူနိုင်အောင် ဖြစ်ကြရသည်။

 

ထိုအရေးကိုကြိုတင်မျှော်တွေး၍ ၂၀၀၉ ခုနှစ်ကပြုလုပ်ခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်အရ နှစ်စဉ် အောက်တိုဘာ ၁၃ ရက်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို နိုင်ငံအလိုက်ကျင်းပပြီး ထိခိုက်ဆုံးရှုံးမှု လျော့ကျရေးအတွက် ဆော်ဩပေးလျက်ရှိသည်။ အောက်တိုဘာ ၁၈ ရက်က နေပြည်တော်တွင် ကျင်းပသော ထိုအခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ပြီး "ဘာပဲဆောက်ဆောက် ခိုင်အောင်ဆောက်ပေးကြပါ။ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးမှုလျှော့ချ ပေးနိုင်အောင်ဆိုတဲ့ အသိအမြင်လေးနဲ့ တည်ဆောက် ပေးကြပါ"ဟု တိုက်တွန်းပြောကြား ခဲ့သည်။

 

ကမ္ဘာပေါ်တွင် ဖြစ်ပေါ်လေ့ရှိသော သဘာဝဘေးအန္တရာယ် အမျိုးမျိုး အနက် မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်နှစ်တိုင်း လေပြင်းမုန်တိုင်းနှင့် ရေကြီး ရေလျှံ၊ မြေပြိုမှုဖြစ်စဉ်များ အများဆုံးကြုံတွေ့နေရသည်။ မြန်မာနိုင်ငံတွင် မြို့ပြဒေသများနှင့် အဆောက်အဦအခြေအနေများအရ ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်နိုင် ခြေရှိသည့် သဘာဝဘေးအန္တရာယ်များ၌ ငလျင်ဘေး ပါဝင်သည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားချက်များတွင် မီးမောင်းထိုး အသိပေးထားသည်။

 

မြန်မာနိုင်ငံတွင် လူဦးရေထူထပ်ပြီး မြို့ပြဖွံ့ဖြိုးမှု မြန်ဆန်နေသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး စသည့်မြို့ကြီးများသည် ငလျင်ကြောပေါ်တွင် တည်ရှိနေပြီး အားလတ်ဇုန်နှင့် အားပြင်းဇုန် များပေါ်တွင် ကျရောက် လျက်ရှိသည်။ ထိုမြို့ကြီးများတွင် တည်ဆောက် ထားသော အဆောက်အဦ များတွင် အချို့အဆောက်အဦများမှာ ဟောင်းနွမ်းနေပြီး အချို့မှာ ကြံ့ခိုင်မှု အားနည်းနေသည်ကို လေ့လာကြည့်လျှင် တွေ့မြင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အသစ်တည်ဆောက်သည့် အဆောက်အဦများကို ဘေးဒဏ် ခံနိုင်ရည်ရှိအောင် တည်ဆောက်ကြဖို့၊ လက်ရှိအဆောက်အဦ များကိုလည်း ဘေးအန္တရာယ်ကနေ ထိခိုက်ဆုံးရှုံးမှုလျော့နည်းအောင် ကာကွယ်ကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းထားသည်။

ငလျင်ဘေးအန္တရာယ်အတွက် အသိပညာပေးလုပ်ငန်းများ၊ ဇာတ်တိုက် လေ့ကျင့်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ထားရန်လိုအပ်သည်။ ငလျင်နှင့်ပတ်သက်၍ ထိခိုက်ဆုံးရှုံးမှု ကြီးကြီးမားမားမဖြစ်သေး၍ ပေါ့ပေါ့ ဆဆမနေသင့်ပေ။ မည်သည့်အတိုင်းအတာဖြင့် မည်သည့်နေရာတွင် မည်သည့်အချိန်အခါ၌ ကျရောက်လာမည်ကို ခန့်မှန်း၍ မရနိုင်သော ငလျင်ဘေးကို ကြိုတင်ပြင်ဆင်ဆောင်ရွက် ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုနည်းပါးအောင် ပြုလုပ်ထားရမည်ဖြစ်သည်။

 

လူအများ နိစ္စဓူဝသွားလာနေထိုင်ကြသည့် စာသင်ကျောင်းများ၊ ဆေးရုံနှင့် အခြေခံအဆောက် အဦများသာမက မြို့ပြလူနေအဆောက်အဦများအား ဘေးဒဏ်ကြံ့ကြံ့ခံနိုင်အောင် တည်ဆောက်ထားဖို့ လိုအပ်သည်။ ဘေးဒဏ်ခံနိုင်သော အဆောက်အဦဖြစ်မှသာ လူအများ၏အသက်ကို ကယ်တင်နိုင်မည့်အပြင် ဘေးဖြစ်ပြီးချိန်၌လည်း လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နိုင် မည်ဖြစ်သည့်အတွက် ထိခိုက်မှုများနှင့် ဝန်ဆောင်မှုများကို ထိထိရောက် ရောက်လုပ်ကိုင်ပေးနိုင်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတွင် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်နိုင်သည့်ငလျင်ဘေးနှင့် ကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံး နိုင်ခြေလျော့နည်းစေရေးအတွက် အရေးကြီးဆုံးအချက်ဖြစ်သည့် အဆောက်အဦများ ခိုင်ခံ့ရေးကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် အသိပေးနှိုးဆော် တိုက်တွန်းပါသည်။ ။

ကြေးမုံ