ထိုင်းဘုရင်ဥဒုမ္ဗရ၏အုတ်ဂူအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန် ရှေးဟောင်းသုတေသန ဦးစီးဌာနအား တင်ပြထား

မန္တလေး ၂၈ ဇွန်

 

အမရပူရမြို့နယ်ရှိဦးပိန်တံတားအနီးလင်းဇင်းကုန်းသုသာန်တွင် တူးဖော်တွေ့ရှိခဲ့သော ရှေးထိုင်းဘုရင်ဥဒုမ္ဗရ၏ အုတ်ဂူအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် ကုန်ကျစရိတ်ကို ရှေးဟောင်းသုတေသန ဦးစီးဌာနသို့ တင်ပြထားကြောင်း တပ္ပဝတီဦးဝင်းမောင်ထံက သိရသည်။

 

အဆိုပါ လင်းဇင်းကုန်း မြေနေရာတွင် မြန်မာပညာရှင်အဖွဲ့နှင့် ထိုင်းပညာရှင်အဖွဲ့တို့က ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းက ရှေးထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးနှင့် ဥယျာဉ်ဖြစ်မြောက်ရေးကို စတင်အကောင်ထည်ဖော်ခဲ့ပြီး အဆိုပါ တူးဖော်မှုမှ အရိုး၊ သင်္ကန်းစ၊ သပိတ်၊ မှန်ပန်းချီ စသည့် ရှေးယဉ်ကျေးမှုလက်ရာများကို စတင်တွေ့ရှိခဲ့သည်။

 

"အကြောင်းအမျိုးမျိုးကြောင့် ပြုပြင်ထိန်းသိမ်းမု ရပ်နားထားတာ နှစ်နှစ်ကျော်ပြီ အဲ့တာကို ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့အတွက်ကို ရှေးဟောင်းကို ကုန်ကျစရိတ် တင်ပြထားတယ်။ ကုန်ကျစရိတ် ကျလာရင်တော့ တစ်ခါတည်း ပြုပြင်သွားမှာပါ " ၎င်းကပြောသည်။

 

ယင်းထိုင်းဘုရင်အုတ်ဂူအား ထိုင်းဘုရင့် ဘဏ္ဍာတော်အဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့် မြန်မာရှေးဟောင်း ပညာရှင်အချို့က ယခင် မန္တလေးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် လွန်ခဲ့သည့် နှစ်နှစ်ခန့်က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သော်လည်း ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခဲ့သည့်အတွက် မန္တလေးမြို့တော်စည်ပင်မှ တားမြစ်ခဲ့ကာ ယနေ့ချိန်ထိ ရပ်နားထားရခြင်းဖြစ်သည် ။

 

" ပြုပြင်ထိန်းသိမ်းမှ ရတော့မှာဘာလို့လဲဆိုတော့ လေဒဏ်မိုးဒဏ်ကြောင့် ပြိုကျနိုင်တဲ့အခြေအနေမျိုး ဖြစ်နေပြီ။ ခုဆိုရင် စေတီရဲ့ အနောက်ဘက်မှာရှိတဲ့ တိုင်တွေဆို အောက်ခြေက ခံနိုင်အား မရှိလို့ ဒေါက်တိုင်တွေနဲ့ ကူထောက် ထားရတယ်။ " ၎င်း ကဆက်ပြောသည် ။

 

အဆိုပါ အဆောက်အအုံအား ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။

 

လင်းဇင်းကုန်းသုဿာန်သည် မြန်မာ့သမိုင်းမှတ်တမ်းအရ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက် ၁၇၆၇ ခုနှစ်တွင် အယုဒ္ဓယသို့ သွားရောက်စစ်ပြုရာ အဆိုပါ ထိုင်းဘုရင်ဟောင်း မင်းသားကြီး ဥတွန်ပုံကို ရဟန်းဝတ်နှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး သဖန်းပွင့်မင်သားဘွဲ့ခံ နန်းကျဘုရင် ကျောက်ဘွား ဒေါက်မဒူးဝါးသည် ဘိုးတော်ဘုရား လက်ထက်၌ နတ်ရွာစံ၍ အမရပူရရှိ လင်းဇင်းကုန်း သုဿန်တွင်သင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။

 

လင်းဇင်းကုန်း သုဿန်တွင် အင်းဝ အမရပူရနှင့် မန္တလေးတဝိုက်၌ နေထိုင်ကြသော  ပသီ၊ ထိုင်း၊ လာအို၊ အာမေးနီးယန်း၊ တရုတ် စသည့် လူမျိုးများ သေဆုံးလျှင် မြုပ်နှံရန် လူမျိုး၊ ဘာသာအလိုက် နေရာများ သတ်မှတ်ရာ နာမည်ကျော် ဦးပိန်တံတားကို တည်ဆောက်ခဲ့သည့် မြို့စာရေး ဦးပိန်၊ ပုဂံမင်းလက်ထက်က အမရပူရမြို့ဝန်အဖြစ် ခန့်အပ်ခံရသည် ဘိုင်ဆပ်၊ ပသီစာဆိုတော် ဦးနုနှင့် အစ္စလမ်သာသနာပိုင် အာဗစ်ရှာဟ် ဟိုစနီတို့၏ ဂူဗိမ္မာန်များလည်းရှိသော နေရာ တစ်နေရာဖြစ်သည်။

 

သူရိန်လင်း