ထိုင်းနိုင်ငံ က ကိုဗစ်-၁၉ ဆိုင်ရာ အရေးပေါ်အခြေအနေကို ဇွန်၃၀ ရက်အထိ သက်တမ်းတိုးမြှင့်

၂၇ မေ

 

ထိုင်းနိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေကို ဇွန်လကုန်အထိ နောက်ထပ် သက်တမ်းတိုးမြှင့်မည်ဟု ထိုင်းအစိုးရက ဆိုသည်။

 

ထိုင်းနိုင်ငံတွင် ယင်းစီမံချက်ကို မတ်လက စတင်ခဲ့သည်။ထိုင်းအစိုးရက ညမထွက်ရအမိန့်ကို ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံအတွင်းသို့ နိုင်ငံခြားသားအများစု ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။

 

ယခင်လက သက်တမ်းတိုးမြှင့်ခဲ့သော ၎င်းစီမံချက်သည် တနင်္ဂနွေနေ့က သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်သည်။

ယခုလအစောပိုင်းမှစတင်ကာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်မှုလျော့နည်းသွားပြီး ကူးစက်ခံရသူဦးရေ မရှိတော့ကြောင်း မှတ်တမ်းများက ဖော်ပြထားသည်။

 

ထိုင်းအစိုးရသည် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်သည့်အနေဖြင့် ဈေးဆိုင်များပိတ်ထားသည့် ကန့်သတ်ချက်များကို ဖြည်းဖြည်းချင်းလျှော့ချပေးခဲ့သည်။စားသောက်ဆိုင်အချို့နှင့် အရေးပါသော စီးပွားဖြစ် အဆောက်အအုံများ  ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ်ပြန်လည်ကူးစက်နိုင်မှုအလားအလာကို ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေကို သက်တမ်းတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်ဟု အစိုးရ တာဝန်ရှိသူများက ဆိုသည်။

 

အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ သတင်းအချက်အလက်များအရ ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်မှာ ၃၀၄၅ ဦး ရှိပြီး သေဆုံးသူစုစုပေါင်း ၅၇ ဦး ရှိသည်ဟု သိရသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို