ထိုင်းနိုင်ငံ KASIKORN ဘဏ်၏ ဒီဂျစ်တယ်လုပ်ငန်း စီမံကိန်းပြိုင်ပွဲကျင်းပ

ရန်ကုန် ၂၀ သြဂုတ် 

 

ထိုင်းနိုင်ငံ Kasikorn Bank (KBank)၊ စက်မှုဝန်ကြီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ Renaissance Institute နှင့် University of Thai Chamber of Commerce (UTCC) တို့ပူးပေါင်း၍ မြန်မာ SME လုပ်ငန်းရှင်များနှင့် လုပ်ငန်းရှင်ဖြစ်ချင်သူများအတွက် ဒီဂျစ်တယ်လုပ်ငန်း စီမံကိန်းပြိုင်ပွဲ “KBank Biz Plan Challenge 2018” ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ Melia ဟိုတယ်၌ကျင်းပသည်။ 

 

ပြိုင်ပွဲတွင် ဒီဂျစ်တယ်လုပ်ငန်းစီမံကိန်း ရေးဆွဲသည့် အသင်း(၁၀)သင်းက ၎င်းတို့ရေးဆွဲထားသည့် စီးပွားရေးလုပ်ငန်းများ အကြောင်းကို ရှင်းလင်းတင်ပြပြီး အကဲဖြတ်ဒိုင်ငါးဦး၏ပေးမှတ်၊ Facebook ၏ Like ရမှတ်များဖြင့် ဆုရွေးချယ်ဆုံးဖြတ်ရာ HealthOrg အသင်းက Winnerဆုအမေရိကန်ဒေါ်လာ တစ်သောင်းရရှိခဲ့ကြောင်း သိရသည်။ 

 

ထို့ပြင်  Runners ဆုရှင်များအဖြစ် Hlaing Hlaing Fruit Farm၊ MYEOနှင့်  Cite Pyo Thu တို့ကိုရွေးချယ်ခဲ့ပြီး ထိုကဲ့သို့ ရွေးချယ်ခံရသည့် အဖွဲ့များသည် သြဂုတ် ၃၀ နှင့် ၃၁ ရက်တို့တွင် ထိုင်းနိုင်ငံရှိ Digital Entrepreneur များနှင့် သွားရောက် တွေ့ဆုံလေ့လာခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

 

ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) တွင် ယခု ယှဉ်ပြိုင်သည့်အသင်းများကို ပြိုင်ပွဲမပြိုင်မီ သင်တန်းများပေးခဲ့ပြီး ရန်ကုန်မြို့၊ မန္တလေးမြို့၊ မော်လမြိုင်မြို့၊ ပဲခူးမြို့၊ မြိတ်မြို့နှင့် တောင်ကြီးမြို့များသို့  စီးပွားရေးဆိုင်ရာလေ့လာရေးခရီးများလည်း သွားရောက်ခဲ့ကြောင်း သိရသည်။ 

 

ယနေ့ပြိုင်ပွဲတွင် Kasikorn Bank ၏ First Senior Vice-President Mr. Pattanapong Tansomboon၊ မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း၊  ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များ နှင့်စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ SME လုပ်ငန်းများ၏ Auditor General ဦးအေးထွန်း၊ Renaissance Institute မှ Program Director ဒေါ်ခင်မိုးမြင့်နှင့် ထိုင်းနိုင်ငံ Beacon Venture Capital မှ Business Incubation Head Mr. Wisarute Sriojanakul တို့က လုပ်ငန်းလည်ပတ်မှုနှင့် customer ရရှိမှုများအပေါ် အမှတ်ပေးအကဲဖြတ်ဒိုင်များအဖြစ် ရွေးချယ်ခဲ့ကြသည်။ 

 

အဆိုပါ ပြိုင်ပွဲနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက “ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဒီဂျစ်တယ်စီးပွားရေးကို ကြိုးစားဆောင်ရွက်တယ်။ ကျွန်မတို့ ဖွံ့ဖြိုးဆဲ နိုင်ငံမပြောနဲ့။ အခုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် ဒီဂျစ်တယ်စီးပွားရေး ကို ဦးစားပေး လာကြတာမို့ အခုလိုလူငယ်တွေကို မွေးထုတ်ပေးတာဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲ ပြုလုပ် ပေးခြင်းအားဖြင့် သူတို့ရဲ့ အကြံကောင်းတွေနဲ့ လူမှုဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ကောင်းမွန်တဲ့ အခွင့် အလမ်းတွေကို ဘယ်လို ရယူနိုင်တဲ့စွမ်းရည်တွေရှိလဲဆိုတာကို ယှဉ်ပြိုင်ပေးခြင်း ဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲတွေကို ရှေ့ဆက်လက်ပြီး ကျင်းပပေးသွားမှာဖြစ်ပါတယ်။ သူတို့ရဲ့စွမ်းရည်တွေက SME ဖွံ့ဖြိုးရေးကို အများကြီးအထောက်အကူပြုပါတယ်” ဟု ပြောသည်။ 

 

(သန့်ဇင်မင်း)