ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများအား တစ်နေ့လျှင် ၅၀၀ ဦးအထိ မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ရက်ခြားလက်ခံပေးလျက်ရှိ

မြဝတီ စက်တင်ဘာ ၂၈

 

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို သြဂုတ် ၁ ရက်မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ  စက်တင်ဘာ ၂၈ ရက်တွင် ၃၇၁ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

နေရပ်ပြန် မြန်မာနိုင်ငံသားများအား ပြန်လည်ကြိုဆိုလက်ခံရာတွင် ယခင်က တစ်နေ့လျှင် ၂၀၀ သာ တစ်ရက်ခြား လက်ခံပေးလျက်ရှိရာမှ ယခုအခါ စက်တင်ဘာ ၂၆ ရက်မှ စတင်ပြီး တစ်နေ့လျှင် ၅၀၀ ထိ တစ်ရက်ခြား ပြန်လည်ကြိုဆို လက်ခံပေးလျက်ရှိသည်။

 

mdn

 

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြဝတီခရိုင် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ မြဝတီမြို့ရှိ  သက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများသို့ ပို့ဆောင်ပြီး ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးဆောင်ရွက်ပေးခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးသည်။

 

ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ အမျိုးသား ၁၉၉ ဦး၊ အမျိုးသမီး ၁၇၂ ဦး စုစုပေါင်း ၃၇၁  ဦးရှိကြောင်း သိရသည်။

 

ထိန်လင်းအောင်