ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၃ ဦး လွှဲပြောင်းပေးအပ်

ကော့သောင်း  ၁၅  ဇန်နဝါရီ

 

ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ ဥပဒေများအရ အရေးယူခံရပြီး  မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၃ ဦးအား ယနေ့ မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်၌ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ထိုသို့ မြန်မာရွှေ့ပြောင်းအလုပ်သမား လွှဲပြောင်းပေးအပ်ရာတွင် အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၅ ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၇၃ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများက ကော့သောင်းနယ်စပ်ဂိတ်တွင် ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ်မှ တာဝန်ရှိအဖွဲ့အစည်းများက ပြန်လည်လက်ခံခဲ့သည်။

 

အဆိုပါ အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံကြကာ ပြည်သူ့ကျန်းမာရေးဌာနမှ လိုအပ်သည် ကျန်းမာရေးပြုစုရှောက်မှုများ  ဆောင်ရွက်ပေးပြီး ၄င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)