ထိုင်းနှင့်တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်များချုပ်ဆို

ဗန်ကောက် ၄ စက်တင်ဘာ 

ထိုင်းနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် စက်တင်ဘာ ၂ ရက်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၌ သဘောတူညီမှု စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် ထိုင်းဝန်ကြီးချုပ် ပရာယုချန် အိုချာတို့သည် စက်တင်ဘာ ၂ ရက်က နှစ်နိုင်ငံနီးကပ်သော ဆက်ဆံရေး တိုးတက်ဖြစ်ထွန်းရန်သဘောတူခဲ့ကြရာ အဆင့်မြင့်နည်းပညာရပ်များ ပူးပေါင်း ဆောင်ရွက်မှုမှသည် ကာကွယ်ရေးအထိ ပါဝင်ကြောင်း သိရသည်။

ခေါင်းဆောင် နှစ်ဦးတို့သည် နားလည်မှုစာချွန်လွှာ ခြောက်ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ နားလည်မှုစာချွန်လွှာများမှာ-စစ်ဘက် ဆိုင်ရာ ထောက်လှမ်းရေးများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စတုတ္ထမြောက် စက်မှုတော်လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံများကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုတွင်ပူးပေါင်းဆောင်ရွက်ရေး၊ ကိုရီးယားဘာသာ စကားလေ့လာရေးတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စမတ် စီးတီးတည်ဆောက်ရေးတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့ဖြစ်ကြသည်။

တောင်ကိုရီးယားသမ္မတက နှစ်နိုင်ငံအနေဖြင့် စက်ရုပ်နှင့် အနာဂတ် ကမ္ဘာကားများတီထွင်ထုတ်လုပ်ရေးကဲ့သို့သော သိပ္ပံနှင့်သက်ဆိုင်သော လုပ်ငန်းများတွင် အတူတကွလက်တွဲ လုပ်ဆောင်ကြရန်လည်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်း-တောင်ကိုရီးယားစီးပွားရေး ဖိုရမ်ကို စက်တင်ဘာ ၂ ရက်က ဗန်ကောက်ဟိုတယ်တွင် ကျင်းပခဲ့ရာ ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ (စီအယ်လ်အမ်ဗွီတီ) တို့သည် ဆက်သွယ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ခရီးသွားကဏ္ဍများတွင် အာဆီယံ၏ စစ်မှန်သော နှလုံးသားများဖြစ်ကြောင်း ပြောခဲ့သည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သို့ ဆက်လက်ထွက်ခွာလာပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အေအက်ဖ်ပီ