ထိုင်းဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်းအနိုင်ရ

ရန်ကုန်   မတ်   ၁၇

ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲဖြစ်သော NSDF Futsal Invitation Championship 2022 အုပ်စု ဒုတိယနေ့ ကို မတ် ၁၆ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲရရှိခဲ့သည်။

မြန်မာအသင်းသည် အုပ်စုပထမပွဲအဖြစ် မွန်ဂိုလီးယားအသင်းနှင့် ယှဉ်ပြိုင် ကစားရာခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ငါးဂိုး၊ ဒုတိယပိုင်းတွင် နှစ်ဂိုးသွင်းယူကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ဂိုးများကို ပထမပိုင်းတွင် မျိုးမြင့်စိုး၊ ငြိမ်းမင်းစိုး၊ စိုင်းပြီးအောင်၊ နိုင်လင်းထွန်းကျော်တို့က သွင်းယူပြီး တစ်ဂိုးမှာမူ မွန်ဂိုလီးယားအသင်းက ကိုယ့်ဂိုး ကိုယ်သွင်းယူမိခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းအတွက် ဂိုးများကို ချမ်းသာနှင့် ခင်ဇော်လင်းတို့က ထပ်မံသွင်းယူခဲ့သည်။ ယခုပွဲစဉ် အတွက် အကောင်းဆုံးကစားသမားဆုကို မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းမှ မျိုးမြင့်စိုးက ရရှိခဲ့သည်။

အုပ်စု (ခ) တွင် အီရန်၊ မြန်မာနှင့် မွန်ဂိုလီးယားတို့ပါဝင်ပြီး  အီရန်နှင့် မြန်မာအသင်းမှာမူ တစ်ပွဲစီ အနိုင်ရကာ ထိပ်တိုက်မတွေ့ဆုံမီ ဆီမီးဖိုင်နယ်တက်ရောက်သွားပြီဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် မတ် ၁၇ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် အီရန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း-ကိုညီလေး