ထိုင်ဝမ်ဒေသ၌ ပြင်းအား ၇ ဒသမ ၂ ပမာဏရှိ ငလျင်လှုပ်ခတ်မှုကြောင့် တစ်ဦးသေဆုံး၊ လူ ၅၀ ထက်မနည်းဒဏ်ရာရ

ဧပြီ ၃

ထိုင်ဝမ်ကျွန်းအရှေ့ဘက်ဟွားလျန်မြို့ကမ်းလွန်တွင် ယနေ့မနက် ၇ နာရီ ၅၈ မိနစ်ခန့်က ပြင်းအား ၇ ဒသမ ၂ ပမာဏရှိငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး လူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။ ငလျင်ဗဟိုချက်သည်ထိုင်ဝမ်အရှေ့ဘက်ဟွာလျန်းမြို့ ၂၅ ကီလိုမီတာအကွာခန့်၊ အနက် ၁၅ ကီလိုမီတာခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ခတ်မှုကြောင့် ဟွာလျန်းမြို့နှင့် အခြားဒေသများတွင် အဆောက်အဦများ ပြိုကျခဲ့သည်ဟု သိရသည်။ ထိုအဆောက်အဦးများအောက်တွင် ပိတ်မိနေသူများအား ကယ်ဆယ်ရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။ လျှပ်စစ်ဓါတ်အားများ ပြတ်တောက် သွားခဲ့ပြီး ရထားဝန်ဆောင်မှုများ ရပ်နားထားရသည်။ ထိုင်ဝမ်အရှေ့ပိုင်းတွင် အားပြင်းငလျင်များ မကြာခဏလှုပ်ခတ်လေ့ရှိသည်။ ၂၀၁၈ ခုနှစ်က ပြင်းအား ၆ ဒသမ ၄ ပမာဏရှိ ငလျင်လှုပ်ခတ်မှုကြောင့် ၁၇ ဦး သေဆုံးပြီး လူ ၂၉၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၂ ခုနှစ်က ငလျင်လှုပ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး အခြား ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို