ထက်သည့်ဉီးနှောက်နှင့် မှန်ကန်သည့် သဘောထားလိုသည်

ယနေ့ခေတ်ကို ပညာခေတ်ဟု တင်စားခေါ်ဝေါ်ကြသည်အထိ ပညာရေးက ရှေ့တန်းရောက်ပါသည်။ အထူးသဖြင့် လုပ်ပိုင်ခွင့်နှင့် ရာထူးတာဝန်ကြီးကြီးမားမား ယူထားရသူတို့သည် ပညာရှိကြဖို့၊ ပညာတတ်ကြဖို့ လိုပါသည်။ ပညာရှိသူ၊ ပညာတတ်သူတို့သည် အမှားနှင့် အမှန်ကို ခွဲခြားဆန်းစစ်သည်။ ဓမ္မကို တန်ဖိုးထားသည်။

 

ထို့ကြောင့် ထိုသို့သော ပညာရှိ၊ ပညာတတ်များကို မွေးထုတ်ပေးနိုင်မည့် ပညာရေးစနစ်က အရေးကြီးသည်ဟု ဆိုရခြင်းဖြစ်သည်။

 

ပညာရေးသည် ကမ္ဘာကြီးတိုးတက်လာမှု၊ လူမှုအဖွဲ့အစည်း၏ ယဉ်ကျေးမှုမြင့်မားလာမှုနှင့် ယှဉ်တွဲဖွံ့ဖြိုးရပါသည်။ လူမှုအဖွဲ့ အစည်း၏ ပြောင်းလဲတိုးတက်လာသော လူမှုဆက်ဆံရေးပုံစံ၊ နေထိုင်မှုပုံစံ၊ ယဉ်ကျေးမှု၊ နည်းပညာ၊ အတတ်ပညာ စသည်တို့နှင့် လိုက်ဖက်သည့် လိုအပ်ချက်ပေါ် တည်ကာ ပညာရေးစနစ်က လိုက်ရသည်။

 

လူမှုအဖွဲ့အစည်း၏ တိုးတက်မြင့်မားမှုက ပညာရေးစနစ်ကို ပုံဖော်သကဲ့သို့ ပညာရေးစနစ်ကလည်း လူမှုအဖွဲ့ အစည်း တိုးတက်မြင့်မားရေးကို ပုံဖော်နေသည်ဖြစ်လေရာ ပညာရေး စနစ်နှင့် လူမှုအဖွဲ့အစည်းတို့သည် အပြန်အလှန်အမှီပြု တိုးတက် ဖွံ့ဖြိုးနေသည့်ဖြစ်စဉ်ဟု ဆိုရပါမည်။

 

အခြေခံပညာရေးစနစ်မှာ လူတိုင်း စာတတ်မြောက်ဖို့ဖြစ်သည့်အတွက် မူလတန်းကျောင်းနေအရွယ် ရောက်သူ ကလေးသူငယ်တိုင်း အခမဲ့ပညာသင်ကြားရေးသာမက မသင်မနေရ ပညာရေးစနစ်ထိ ရည်မှန်းကြ၏။ အဆင့်မြင့်ပညာသင်ကြားရေးတွင်မူ မည်သို့သော အဆင့်မြင့်ပညာကို တတ်မြောက်သူ များကို မွေးထုတ်မည်လဲ၊ တစ်နှစ်တစ်နှစ်ကို မည်ရွေ့မည်မျှလောက် မွေးထုတ်ရန် လိုအပ်မည်လဲ ဆိုသည်ကို ဦးစားပေး စဉ်းစားပြင်ဆင်ကြ၏။

 

နိုင်ငံ၏ လိုအပ်ချက်အပေါ် အလုပ်အကိုင်အခွင့်အလမ်း၊ အနာဂတ်အလားအလာ စသည်ဖြင့် ဘက်စုံထောင့်စုံက စဉ်းစားကာ စိစစ်ပြင်ဆင်ရခြင်းဖြစ်ပါသည်။ ထို့နောက် ပညာတတ်များကို မွေးထုတ်ရုံမျှမကဘဲ ထိုသူတို့ကို မည်သို့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်လဲ ဆိုသည်ကိုပါ ချင့်ချိန် ညှိနှိုင်းကာ ပြင်ဆင်ရခြင်းဖြစ်ပါသည်။

 

အဆင့်မြင့်ပညာသင်ကြားရေးစနစ်တွင်မူ ကျောင်းသားကို ဆရာက စလယ်ဆုံး စာသင်ပေးနေခြင်း မဟုတ်ဘဲ သင်ကြား လေ့လာနိုင်သည့်ဝန်းကျင်ကို ဖန်တီးပေးခြင်း၊ ကိုယ်တိုင်လေ့လာ သင်ယူရေးကို အားပေးကူညီခြင်းတို့ပါ ပါဝင်ခြင်း ဖြစ်ပါသည်။

 

ကျောင်းသားတို့သည် မိမိတို့ ဘာတွေကို သင်ယူရမည်။ ဘယ်လိုလေ့လာရမည်တို့ကိုသာမက ထိုပညာရပ်များနှင့် ပတ်သက်၍ ဘယ်မျှလောက် နားလည်သိရှိလာပြီလဲဆိုသည် ကို မည်သို့မည်ပုံ စစ်ဆေးမည်၊ မည်သို့အအောင်ပေးမည် စသည် တို့ကို စတင်လေ့လာသင်ကြားချိန်ကတည်းက ရှင်းလင်း နားလည်စွာ သိမြင်ထားစေရန်လည်း လိုအပ်ပါသည်။

 

အဆင့်မြင့်ပညာသင်ကြားမည်ဆိုလျှင် အလွတ်ကျက်မှတ်ပြီး ပြန်ဖြေတာမျှလောက်နှင့် မဖြစ်နိုင်။ ပညာရပ်တို့ကို သိရှိ နားလည်ခြင်း၊ ထိုသိနားလည်မှုနှင့်အတူ ပညာရပ်ဆိုင်ရာတို့တွင် ကျွမ်းကျင်လာခြင်း၊ ထိုကျွမ်းကျင်မှုနှင့်အတူ မှန်ကန်သော စိတ်နေသဘောထားတို့ကိုပါ လေ့လာသင်ကြားနိုင်ပါမှ အဆင့်မြင့်ပညာသင်ကြားရေးစနစ်၏ ရည်ရွယ်ချက်ထမြောက် အောင်မြင်မည် ဖြစ်ပါသည်။

 

သိနားလည်မှုနှင့် ကျွမ်းကျင်မှုက အသုံးချနိုင်ရေးဆီ ဦးတည်သကဲ့သို့ စိတ်နေသဘောထား မှန်ကန်မှုအား အများ ပြည်သူကို အကျိုးပြုရေး၊ လူမှုအဖွဲ့အစည်း၏ အကျိုးစီးပွားကို ရှေးရှုရေး ဦးတည်ပါသည်။ အဆင့်မြင့်ပညာသင်ကြားရေး စနစ်သည် ထိုထိုသောရလဒ်တို့ကို မျှော်လင့်ဦးတည်ပါသည်။ ထိုရလဒ်အတိုင်းရရှိဖို့ ပညာရေးစနစ်ကို ပုံဖော်ခြင်းက စနစ်၏ အနှစ်သာရ ဖြစ်ပေသည်။

 

ပညာရပ်များကို လေ့လာသင်ယူသည်ဆိုရာတွင် ပညာရပ်များကို သိသွားရုံမျှမက ကျွမ်းကျင်ပိုင်နိုင်စွာ လောကလူ့ရွာကို အကျိုး ပြုနိုင်ရေး၊ ဓမ္မကို မြတ်နိုးတန်ဖိုးထားရေးဟူသည့် ရည်မှန်းချက် ရှိပါသည်။ တစ်နည်းဆိုရသော် ကျွမ်းကျင်ပိုင်နိုင်မှု၊ စဉ်းစား ချင့်ချိန်သည့် ဉာဏ်ပညာတို့နှင့်အတူ ဖြူစင်သည့် နှလုံးသားကိုပါ မွေးမြူပေးနိုင်ရေးက ပညာရေးစနစ်၏ မြင့်မြတ်သော ရည်မှန်းချက်ဖြစ်သည် မဟုတ်ပါလော။ ။

man