ပခုက္ကူ ၁၄ ဇန်နဝါရီ
ပခုက္ကူမြို့နယ် ထနှောင်းကုန်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများကို ကျေးလက်လူဦးရေ အချိုးအစားအလိုက် ဖွင့်လှစ်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုက ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးကြီးသော ကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံသစ် ဖွင့်လှစ်ပေးသည့်အတွက် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ ဖွင့်လှစ်မှုနှင့် ဝန်ထမ်းအင်အား အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
အဆိုပါ ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းအဆောက်အအုံမှာ အလျား ၅၀ ပေ၊ အနံ ၄၂ ပေ၊ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာ အလျား ၃၆ ပေ x အနံ ၃၂ ပေနှင့် သုံးခန်းတွဲ ဝန်ထမ်းအိမ်ရာ အလျား ၃၈ ပေ x အနံ ၃၇ ပေ အဆောက်အအုံများ ပါဝင်ကြောင်း သိရသည်။
ကိုတမာ(ပြန်/ဆက်)