ထနော့တိုင်းရင်းသားတို့အကြောင်း

၃၀ ဇွန်

 

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများစွာဖြင့် ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးများသည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းများ အသီးသီး ပိုင်ဆိုင်ကြသည်။ ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်နိုင်သော လူမျိုးများရှိသကဲ့သို့ ဓလေ့ထုံးတမ်းများ ပျောက်ကွယ်လုနီးပါးဖြစ်သော လူမျိုးများလည်းရှိကြသည်။ ပျောက်ကွယ်လုနီးပါးဖြစ်သော လူမျိုးများ၏ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ မှတ်တမ်းတင်ပြုစု၍ ထိန်းသိမ်းသွားရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို လမ်းညွှန်မှုပြုခဲ့သည်။ အဆိုပါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြားချက်သည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအခန်း (၅)၊ ပုဒ်မ (၉)၊ အပိုဒ်ခွဲ (ည)တွင် ပြဋ္ဌာန်းပါရှိသည့် လူနည်းစုဖြစ်သော ကွယ်ပျောက်လုနီးပါးဖြစ်နေသောတိုင်းရင်းသားမျိုးနွယ်စုများ၏စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းတို့ကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းအချက်များနှင့် ကိုက်ညီမှုရှိခြင်းအပြင် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်လည်း ဖြစ်သည်။ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် ဦးဆောင်သောအဖွဲ့သည်ပျောက်ကွယ်လုနီးပါး ထနော့တိုင်းရင်းသားတို့၏ လူနေမှုဘဝနှင့် ဓလေ့ထုံးတမ်းများကို သွားရောက်မှတ်တမ်းတင်ခဲ့ကြသည်။

 

ထနော့လူမျိုးများ ဆင်းသက်လာပုံနှင့် နေထိုင်ရာဒေသ


ထနော့လူမျိုးတို့သည် မွန်-ခမာအုပ်စုတွင် ပါဝင်ပြီး “ဝ”-ပလောင်အုပ်စုခွဲ သုံးမျိုးထဲမှ ရှမ်းပလောင်သွေးနှောသည့် လူမျိုးဟု ယူဆသည်။ ၄င်းတို့သည် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်တစ်ဝန်းတွင် မွန်-ခမာမျိုးနွယ်တို့ အခြေစိုက်နေထိုင်ကြရာမှ ရှမ်း-မြန်မာတို့ ဝင်ရောက်သိမ်းပိုက်မှုကြောင့် တောင်အရပ်ဖြစ်သော ရှမ်းပြည်(တောင်ပိုင်း)သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည့် မွန်လူမျိုးများနှင့် ကွဲပြားပြီး ရှမ်းပြည်နယ်တစ်ဝန်း ကြွင်းကျန်ရစ်သောလူမျိုးစုဟု ယူဆခဲ့ကြသည်။

 

ထနော့လူမျိုးတို့သည် ရှမ်းပြည် (တောင်ပိုင်း)ကလောမြို့နယ်ရှိ တောင်ပို့လှရွာ (ထနော့ရွာ)ကို ထနော့ပင်ရင်းရွာအဖြစ် ယူဆကြသည်။ အဘယ်ကြောင့်ဆိုသော် အရှေ့နှင့်အနောက် လေးမိုင်ခန့်ကျယ်ဝန်းပြီး တောင်နှင့် မြောက် ငါးမိုင်ခန့်သာကျယ်ဝန်းသောတောင်ပို့လှရွာသည် ထနော့လူမျိုးများ သီးသန့်နေထိုင်သောရွာဖြစ်သည်။ ရှေးယခင်က ရွာ၏အနောက်တောင်ဘက်တွင် လှပသော တောင်ပို့တစ်ခုရှိခဲ့သည်။ ယင်းတောင်ပို့ရှိရာတွင် ယခုအခါ ၄င်းတို့ကိုးကွယ်သော ရွာစောင့်နတ်မောင်နှမကို နတ်ကွန်းများဖြင့်ထားရှိကိုးကွယ်ကြသည်။ လှပသောတောင်ပို့ကို အစွဲပြုခေါ်ဆိုရာမှ “တောင်ပို့လှ” ဟု အမည်တွင်လာကြောင်း သိရသည်။
ယခုအခါ တောင်ကြီးမြို့နယ်အေးသာယာမြို့အနီး နောင်အင်ရွာတွင် အများဆုံး ပြောင်းရွှေ့နေထိုင်လာကြသည်။ နောင်အင်ရွာသည် ထနော့လူမျိုးတို့၏ မူရင်းဒေသမဟုတ်သောကြောင့် ရိုးရာအိမ်၊ ရှေးယခင်က ဓလေ့ထုံးတမ်းများကိုလည်း အနည်းငယ်ဖြင့်သာ တွေ့မြင်ရသည်။ နောင်အင်ရွာတွင် ထနော့လူမျိုးများသည် ပအိုဝ်း၊ တောင်ရိုး၊ ဓနုလူမျိုးများနှင့် ရောနှောနေထိုင်ခဲ့ကြသည်။

 

အသွင်သဏ္ဌာန်နှင့် စိတ်နေစိတ်ထား


ထနော့လူမျိုးတို့သည် အရပ်အမောင်းမှာ မြန်မာတို့နှင့် ခြားနားမှုမရှိ၊ အသားလတ်သူများ ဖြစ်ကြသည်။ ဆံပင်နက်၍ ဖြောင့်သည်။ အမျိုးသား၊ အမျိုးသမီးများသည် အိမ်မှာ နေထိုင်ကြသည့်အချိန်သော်လည်းကောင်း၊ တောင်ယာ၊ လယ်ယာသွားသည့် အချိန်သော်လည်းကောင်း ခေါင်းပေါင်းပေါင်းလေ့ရှိကြ သည်။ ထနော့လူမျိုးတို့သည် ဘာသာတရား ကိုင်းရှိုင်းကြသူများဖြစ်သကဲ့သို့ စိတ်နေစိတ်ထားမှာလည်း ရိုးသားဖြူစင်ကြသည်။ ဧည့်ဝတ်ကျေပွန်ပြီး အေးအေးချမ်းချမ်း နေထိုင်လိုကြသည်။ ဘုရား၊ တရား၊ သံဃာ၊ အသက်ကြီးသူများ၏ အဆုံးအမကိုလည်း တစ်သဝေမတိမ်းလိုက်နာခဲ့ကြသည်။ “လေးလံထိုင်းမှိုင်း ကိုင်းရှိုင်းရိုသေမှတ်ပေ ထနော့တွေ” ဟူသော ယင်းတို့၏ဆိုးရိုးနှင့်အညီ ခပ်အေးအေး နေတတ်ကြပြီး ဘာသာရေးကို ရိုသေကိုင်းရှိုင်းကြသည်။

 

ဘာသာရေးနှင့် ကိုးကွယ်ယုံကြည်မှု


ထနော့လူမျိုးများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး အိမ်တိုင်းတွင် ဘုရားစင်ရှိကာ ဗုဒ္ဓဘုရားဆင်းတုတော်ကို ထားရှိကိုးကွယ်သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သည်နှင့်အညီဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့ကြသည်။ ထနော့လူမျိုးတို့သည် နတ်ကိုးကွယ်မှုလည်း ရှိကြသည်။ တစ်နှစ်တစ်ခါ နတ်စင်ကုန်းသို့ သွားရောက်၍ ပူဇော်ပသလေ့ရှိသည်။

 

စာပေနှင့် ဘာသာစကား


ထနော့လူမျိုးတို့သည် ရှေးပဝေသဏီကပင် ဘာသာစကားရှိခဲ့သည်။ လူမျိုးတစ်မျိုး၏ သမိုင်းကို ရေးသားရာတွင် ရှေးလူကြီးသူမတို့၏ စကားကိုမူတည်၍ သမိုင်းအဖြစ် ရေးမှတ်ကြစမြဲပင်ဖြစ်သည်။ ရှေးယခင်က ရေးမှတ်စရာ၊ ဝေငှစရာပစ္စည်းများ မပေါ်ပေါက်သေးသဖြင့် တစ်ဦးနှင့်တစ်ဦး မိမိတို့၏ ပုံပြင်၊ ဒဏ္ဍာရီ၊ တေး၊ ကဗျာ၊ လင်္ကာတို့ကိုသာလက်ဆင့်ကမ်းဝေမျှခဲ့ကြသည်။ထို့ကြောင့်လူမျိုးတစ်မျိုး၏ မူလအစနှင့် သမိုင်းကြောင်းအစဉ်အလာတို့ကို မှတ်တမ်းပြုစုရာတွင် ထိုလူမျိုးတို့၏ စာပေမှတ်တမ်းနှင့် အိမ်နီးချင်း လူမျိုးတို့၏ စာပေမှတ်တမ်းများကို အားကိုးအားထားပြု၍ လေ့လာရမည်ဖြစ်သည်။

 

ထနော့တိုင်းရင်းသားတို့သည် မူလက စာပေသမိုင်းမရှိသော လူမျိုးဖြစ်သည်။ ရှေးလူကြီးများ၏ ပြောစကားအရ ယခင်က စာပေရှိခဲ့သော်လည်း လက်ဆင့်ကမ်းသင်ကြားခဲ့ခြင်း မရှိသဖြင့် ခိုင်လုံသော စာပေအထောက်အထား များကို မတွေ့ခဲ့ရပေ။ သို့ရာတွင် ထနော့လူမျိုးတို့သည် ရှေးလူကြီးတို့၏ အဆို၊ အမိန့်၊ တေး၊ ကဗျာ၊ လင်္ကာတို့ကို လူငယ်လူရွယ်တို့ကစိတ်ဝင်စားစွာလေ့လာမှတ်သားလာခဲ့သည့်အလျောက် ယနေ့တိုင် ဂုဏ်ယူဝင့်ကြွားစွာ သီဆိုရွတ်ပြ၊ ပြောကြားကြသည်။

 

ထို့ကြောင့် ထနော့လူမျိုးတို့၏ လူမျိုးအစ၊ လူမျိုးဆက်နွှယ်မှု၊ သမိုင်းကြောင်းအစဉ်အလာများကို စာပေအထောက်အထားဖြင့် မတင်ပြနိုင်သေးသော်လည်း မိမိတို့၏စာပေကို အိမ်နီးချင်းလူမျိုးများ၏ နည်းပညာများကို လေ့လာမှတ်သားပြီး တီထွင်ဖန်တီးနိုင်မည်ဆိုပါက ရှေးလူကြီးသူမတို့၏ အဆိုအမိန့်များ၊ တေး၊ ကဗျာ၊ လင်္ကာများသည် ကျောက်စာပမာခိုင်မြဲသည့်အတွက် ယင်းအဆိုအမိန့်၊ တေး၊ ကဗျာ၊ လင်္ကာတို့ကို စနစ်တကျလေ့လာ မှတ်တမ်းတင်နိုင်ခြင်းဖြင့် ထနော့လူမျိုးတို့၏ သမိုင်းကြောင်းကို မှတ်တမ်းတင်ထားရှိနိုင်မည်ဖြစ်သည်။

 

ထို့အပြင် မိမိတို့၏ စာပေသင်ကြားခြင်းဖြင့် မိမိတို့ဘာသာစကားကို အလွယ်တကူ သင်ကြားနိုင်ခြင်း၊ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ခြင်း၊ စာပေသင်ကြားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ခြင်း၊ တေးသီချင်း၊ ကဗျာလင်္ကာများဖန်တီးနိုင်ခြင်း၊ ခိုင်လုံသောစာပေရှိသည့်လူမျိုးအတွက်ဖြင့် ဂုဏ်ယူနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။

 

ထနော့လူမျိုးတို့၏ ပညာရေး


ထနော့လူမျိုးတို့သည် ရိုးသားစွာနေထိုင်ကြသည့်အပြင် အလုပ်ကြိုးစားသော လူမျိုးများဖြစ်ကြသည့်အလျောက် ဆယ့်နှစ်လရာသီ ကာလပတ်လုံး ရာသီပေါ်သီးနှံများကို စိုက်ပျိုးကြသဖြင့် အလုပ်နှင့်လက်မပြတ် အလုပ်လုပ်ကြသဖြင့် ပညာသင်ကြားရေးကို စိတ်ဝင်စားမှုနည်းပါးကြသည်။ ထနော့လူမျိုးအများစုသည် မူလတန်းအောင် ရေးတတ်ဖတ်တတ်အရွယ်ရောက်လျှင် မိဘများ၏အလုပ်ကိုဝိုင်းကူရန် အတွက် ကျောင်းဆက်မတက်နိုင်ကြတော့ပေ။ ပညာတတ်နည်းပါးခြင်းကြောင့် မိမိတို့စာပေကို ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ကွယ်ပျောက်ခဲ့ပြီး ဘာသာစကားသာ ကျန်ရှိခဲ့သည်။ ထို့ကြောင့် ထနော့လူမျိုးများအနေဖြင့် ယခုထက်ပို၍ ပညာရေးကို ပိုမိုအလေးထားသင်ယူနိုင်ပါက မိမိတို့၏ ဘာသာစာပေကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး ပျောက်ကွယ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပေသည်။ ထနော့လူမျိုးအများစုနေထိုင်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ်အတွင်းရှိ တောင်ပို့လှရွာနှင့် အနီးတစ်ဝိုက်ရွာတို့တွင် လူဦးရေ ၄၀ဝဝ ကျော်ရှိသည့်အနက် ယခုအချိန်အထိ ဒသမတန်း အောင်မြင်သူတစ်ဦးသာရှိသေးကြောင်းနှင့် အများစုမှာ အခြေခံမူလတန်းအထိသာ သင်ကြားခဲ့ကြပြီး တချို့သာ အလယ်တန်း၊ အထက်တန်းများတွင် ပညာဆက်လက်သင်ယူကြရာ အလယ်တန်းအောင်သူနှင့် အထက်တန်းအဆင့် တက်ရောက်နေသူ အနည်းငယ်သာရှိကြသည်။ သို့သော် တောင်ကြီးမြို့နယ် အေးသာယာမြို့အနီး နောင်အင်ရွာတွင် အခြေချနေထိုင်ကြသော ထနော့လူမျိုး ၃၀ဝဝ ခန့်ရှိရာတွင် ဘွဲ့ရပညာတတ်များ အနည်းငယ်ရှိလာသော်လည်း ဘွဲ့ရသူအများစုမှာ မိရိုးဖလာတောင်ယာလုပ်ငန်း များကိုသာ ဆက်လက်လုပ်ကိုင်ကြသည်ကိုလေ့လာတွေ့ရှိရသည်။

 

ဝတ်စားဆင်ယင်မှု


ထနော့လူမျိုးတို့သည် ယနေ့အချိန်ထိ ရိုးရာဝတ်စားဆင်ယင်မှုသည် တိတိကျကျ သတ်မှတ်ထားခြင်းမရှိသေးပါ။ ထနော့လူမျိုးတို့သည် နေထိုင်ရာဒေသတွင်လည်း အခြားလူမျိုးနှင့် ရောနှောနေထိုင်ကြသည်။တောင်ရိုးလူမျိုးနှင့် နီးစပ်ရာတွင်လည်း တောင်ရိုးဝတ်စုံကိုသာ ဝတ်ဆင်ကြပြီး ပအိုဝ်းနှင့် နီးစပ်ရာတွင်လည်း ပအိုဝ်းဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိကြသည်။ ယခုအမျိုးသမီးဝတ်စုံမှာ ယာယီဝတ်စုံသတ်မှတ်ပြီး တူညီစွာဝတ်ဆင်ကြသည့် ဝတ်စုံဖြစ်သည်။ အမျိုးသားမှာမူ တောင်ရိုးဝတ်စုံနှင့် ပအိုဝ်းဝတ်စုံကိုသာ ဝတ်ဆင်ကြသည်။ထနော့လူမျိုးတို့သည် ရိုးရာဝတ်စုံပေါ်ထွန်းဖို့ရာ တတ်သိပညာရှင်များ၏ အကြံဉာဏ်ပေးမှုကိုလည်း လက်ကမ်းကြိုဆိုမျှော်လင့်နေခဲ့သည်။ 

 

အနုပညာနှင့် တူရိယာ


ထနော့လူမျိုးများသည် အနုပညာနှင့် ပတ်သက်၍ တေးဂီတနှင့် အကများမှာ ပအိုဝ်းလူမျိုးများကဲ့သို့ပင် သီဆိုကကြသည်။ တူရိယာပစ္စည်းများမှာ ထနော့အိုးစည်ကြီးရှိသည်။ အခါကြီး၊ ရက်ကြီးများတွင် တီးလေ့ရှိကြပြီး ဘုန်းတော်ကြီးကျောင်းတွင် ထားလေ့ရှိကြသည်။ ကျန်တူရိယာများမှာ ရှမ်းအိုးစည် ဗုံရှည်၊ မောင်းဆိုင်း ငါးလုံး၊ ခြောက်လုံး၊ ခုနစ်လုံးနှင့် လင်းကွင်းတစ်စုံတို့ ပါဝင်သည်။ ယခင်က ပလွေ၊ နှဲမှုတ်လေ့ရှိကြပြီး ယခုအခါ တူရိယာများဖြစ်သည့် စောင်း၊ ပလွေ စသည်များ တီးမှုတ်လေ့မရှိကြတော့ပေ။ အခြားတူရိယာများသည်လည်း လက်ဆင့်ကမ်းထိန်းသိမ်းခြင်းမရှိသည့်အတွက် ပျောက်ကွယ်ခဲ့ကြသည်။

 

ထနော့အိုးစည်ကို တီးသောအခါ လက်တွင် အဝတ်စပတ်ပြီး တီးရသည်။ ထနော့အကမှာ လေးမျိုးခန့်ရှိသည်ဟု သိရသည်။ ယခုအခါ လူငယ်များမကကြတော့သဖြင့် တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါးဖြစ်နေကြောင်း တွေ့ရသည်။ ထနော့အိုးစည်တီးသောအခါ “အိုးစည် ဖင်ဖွာ တီးလို့လာ၊ ဘယ်ရွာကလဲ၊ နောင်အင်ရွာ၊ ကျီးဖြူကန်ပိတ်၊ ဦးဆွေထိပ်” လို့ သီဆိုခဲ့ကြသည်။ ထနော့မော်အေးဟုခေါ်သော သီချင်းကိုလည်း သီဆိုကြသည်။

 

လက်ထပ်ထိမ်းမြားခြင်း


လူပျိုဘက်မှ အပျိုဘက် မိဘကိုသွားရောက်တောင်းရမ်းရာတွင် လက်ခံသဘောတူပါက မင်္ဂလာရက်ရွေးပြီး မင်္ဂလာဆောင်ကြသည်။ မင်္ဂလာဆောင်ရာတွင် ငှက်ပျော သုံးဖီး၊ လက်ဖက်စိုထုပ်၊ ကွမ်း၊ ဆေး ပါဝင်သည့် ကန်တော့ပွဲဖြင့် မိဘနှင့် ရပ်မိရပ်ဖများကို ဦးစွာကန်တော့ရသည်။ လက်ဖက်စို အနည်းငယ်စီကို သတို့သားက သတို့သမီးကိုလည်းကောင်း၊ သတို့သမီးက သတို့သားကိုလည်းကောင်း ကျွေးရသည်။ ထို့နောက် ငါးချဉ် အနည်းငယ်စီကို အပြန်အလှန်ခွံ့ရသည်။ မင်္ဂလာလက်ဖွဲ့၊ ရွှေ၊ ငွေ စသည်တို့ကို တတ်နိုင်သလောက် ထည့်ဝင်ကြသည်။ ဘုန်းကြီးအား မင်္ဂလာဆွမ်းကပ်လေ့မရှိပေ။လက်ဖွဲ့ချည်မျှင်စွပ်ပေးပြီး အသက်ရှည်ကြပါစေ၊ စီးပွားတိုးတက်ပါစေဟု ရပ်ရွာလူကြီး သူမများက ဆုမွန်ကောင်း တောင်းပေးကြသည်။ မင်္ဂလာဆောင်ရက်တွင် နံနက်ပိုင်းခပ်စောစော ၈ နာရီ၊ ၉ နာရီတွင် ထမင်းကျွေးကြသည်။ ယခုခေတ်တွင် လက်ဖက်ရည်နှင့် မုန့်များ ကျွေးမွေးဧည်ခံခြင်းကိုလည်းရှိသည်။လက်ထပ်မင်္ဂလာပြုခြင်းကို ဝါတွင်း သုံးလနှင့် သင်္ကြန်ရက်အတွင်းတွင် ရှောင်ကြဉ်ကြသည်။

 

သတို့သမီးကို သတို့သားအိမ်သို့ခေါ်ဆောင်ရာတွင် နဂါးခေါင်းလှည့်သည့် အရပ်ကိုကြည့်ကာ ရွေးကြသည်။ နဂါးခေါင်းလှည့်နေလျှင် မခေါ်သေးဘဲ သတို့သမီးမိဘ အိမ်တွင် ထားလေ့ရှိကြသည်။ ပြန်ခေါ်လာလျှင်လည်း သတို့သား၏ အဖေနှင့် အမေကအိမ်ပေါ်မှ ဆင်းလာကာ သတို့သမီးယူလာသော အိတ်ကိုယူကာ အိမ်ပေါ်သို့ ခေါ်လာရသည်။ သို့မှသာ မင်္ဂလာဆောင်ခြင်း အထမြောက်သည်။

 

ဆေးမင်ကြောင် ထိုးခြင်းဓလေ့


ထနော့ရိုးရာဆေးမင်ကြောင်ထိုးရာတွင် ကန်တော့ပွဲပေးရသည်။ ပွဲတစ်ပွဲတွင် အုန်းသီးတစ်လုံး၊ ငှက်ပျော နှစ်ဖီးနှင့် ဆေး၊ ကွမ်း၊ လက်ဖက်တို့ကို ကန်တော့ထိုးထည့်ရပြီးပါဝင်သောပန်းများမှာ သပြေပန်း၊ မာလကာညွန့်၊ မုရားပန်း၊ မြေစာ စသည်တို့ဖြစ်သည်။ ဆေးမင်ကြောင်ထိုးတော့မည်ဆိုလျှင် အဆိုပါကန်တော့ပွဲပေးပြီး မီးပူဇော်ကာ အထက်ဂိုဏ်းဆရာများကိုပင့်ဖိတ်၍ ပွဲအပ်ပြီး အကူအညီ တောင်းရသည်။

 

ဆေးမင်ကြောင်ထိုးမည့်သူသည် ရေချိုး၊ခေါင်းလျှော်၍ ဘုရားစင်ရှေ့တွင် ငါးပါးသီလ ခံယူပြီးပါမှ ဆေးထိုးရသည်။ ပွဲပေးရာတွင် ကန်တော့ပွဲကို တစ်ပွဲ၊ နှစ်ပွဲ၊ သုံးပွဲ၊ ငါးပွဲ၊ ခုနစ်ပွဲ၊ ကိုးပွဲ စသည်ဖြင့် ပေးလေ့ရှိသည်။ တစ်ပွဲ၊ နှစ်ပွဲမှာ ရိုးရိုးသာမန်ဆေးမင်ကြောင် ထိုးသူများအတွက်ဖြစ်ပြီး သုံးပွဲမှ ငါးပွဲမှာ ဆရာဖြစ်ထိုးသူများအတွက် ဖြစ်သည်။ ခုနစ်ပွဲ၊ ကိုးပွဲမှာ ဆရာကြီးအဆင့်များအတွက်ဖြစ်သည်။ ဆရာဖြစ်ပွဲပေးပြီးသူများမှာတိုင်းရင်းဆေးပညာဖြင့် ဆေးကုသနိုင်ပြီး ပယောဂရောဂါများကိုလည်း ကုသနိုင်သည်။

 

ထနော့တိုင်းရင်းသား ယောကျာ်းလေးများ အားလုံးနီးပါး ဆေးမင်ကြောင်ထိုးသောဓလေ့ရှိသည်။ ဆေးမင်ကြောင်ထိုးမည့်ဆေး စီမံရာတွင် မကောင်းဆိုးဝါး၊ မိစ္ဆာများ မကပ်အောင် အကာအကွယ်ဆေး၊ အချစ်တော်ဆေး(မျက်နှာပွင့်လန်းစေရန်)နှင့် ဟင်းခွက်နှိုက်ဆေး (သူများမပြုစားနိုင်ရန်)ဟူ၍ သုံးမျိုးရှိသည်။ ထိုသို့ ဆေးမင်ကြောင်ထိုးရာတွင်အနည်းဆုံး အချိန်တစ်နာရီခန့်ကြာပြီး ဆရာဖြစ်ထိုးသူဖြစ်လျှင် ရာဇမတ်ကာပြီး ရာဇမတ်အတွင်း ဘုရားပွဲတွင် ထီးသုံးပွင့်ဆောင်းပေးရသည်။ မျက်နှာချင်းဆိုင်ထောင့်တစ်ထောင့်စီတွင် ထီးနှစ်ပွင့်ဆောင်းပြီး ရာဇမတ်၏အလယ်ဘုရားနောက်တွင် ထီးတစ်ပွင့်ဆောင်းကာ ဆေးမင်ကြောင်ထိုးမည့်သူနှင့် ထိုးမည့်ဆရာတို့ နှစ်ဦးသာရှိရသည်။ ထိုသို့ ဘုရားပွဲပေးပြီးအထက်ဂိုဏ်းဆရာများကို ပင့်ဖိတ်အပ်နှံ၍ သစ္စာဆိုပြီးမှသာ ဆေးမင်ကြောင်ထိုးလေ့ရှိသည်။ ထိုသို့ ဆရာဖြစ်ဆေးမင်ကြောင်ထိုးပြီးပါက ဆေးပညာသင်ကြား၍ ဆေးကုသနိုင်ပြီဖြစ်သည်။ ယခုခေတ်တွင် ဆေးမင်ကြောင် ထိုးသောဓလေ့မှာ ပျောက်ကွယ်လုနီးပါးဖြစ်နေကြောင်း သိရသည်။

 

မိုင်းနော်ရိန်း(လူမှုဘဝ)