ထင်သလောက် ခရီးမပေါက်နိုင်သေးတဲ့ ယီမင်အပစ်အခတ်ရပ်စဲရေး

ကလျာမိုးမြင့်

 

ယီမင်နိုင်ငံမှာ ကုလသမဂ္ဂက ကြားဝင်စေ့စပ်ညှိနှိုင်း ဆောင်ရွက်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ဟိုဒေးဒါဆိပ်ကမ်းမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြတာ အားလုံးသိကြတဲ့ အတိုင်းပဲဖြစ်ပါတယ်။ အခုအခါမှာတော့ ပဋိပက္ခ ဖြစ်ပွားတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေက အပစ်အခတ် ရပ်စဲရေးသဘောတူညီမှုကို သူဖောက်ဖျက်တယ်၊ငါဖောက်ဖျက်တယ်နဲ့ တစ်ဖက်နဲ့တစ်ဖက် အပြန် အလှန်စွပ်စွဲမှုတွေ ပြုလုပ်လာကြပြန်ပါပြီ။

 

တကယ်တော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စတင်အသက်ဝင်ပြီး မိနစ်ပိုင်းအကြာမှာပဲ သဘောတူညီချက် ပျက်ပြယ်မှုတွေရှိခဲ့တယ်လို့ သတင်းထွက်ပေါ်မှုတွေရှိပါတယ်။ ယီမင်ရဲ့ အချက်အချာဖြစ်တဲ့ ဟိုဒေးဒါ ဆိပ်ကမ်းမှာအပစ်အခတ် ရပ်စဲကြဖို့ ယီမင်ပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက် ညသန်းခေါင်အချိန်မှာ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

 

သဘောတူစာချုပ်ကိုချိုးဖောက်
ယီမင်သမ္မတဟောင်းကို ကျောထောက် နောက်ခံပေးနေတဲ့ ဆော်ဒီဦးဆောင် မဟာမိတ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၄ နာရီမှာ အီရန်မဟာမိတ်ပြုထားတဲ့ ဟူသီသူပုန်တွေက အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၁၄ ကြိမ်တိတိ ချိုးဖောက်ခဲ့တာကို မှတ်တမ်းတင်ခဲ့တယ်လို့ ဆော်ဒီနိုင်ငံပိုင် အယ်လ် အာရေဗျရုပ်သံက ဖော်ပြခဲ့ပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် ရီယာ့ဒ်မှာ အခြေစိုက်လျက် ရှိတဲ့ ယီမင်အစိုးရကတော့ ရန်သူအဖြစ် သတ်မှတ် ထားတဲ့ ဟူသီသူပုန်တွေကို ဟိုဒေးဒါ ဆိပ်ကမ်းဆီကနေ ဆုတ်ခွာဖို့ အသစ်ထပ်မံ တောင်းဆိုလာခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေးဟာ အခုလအစောပိုင်းက စတော့ဟုမ်းမှာ သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်ပါတယ်။

 

ဆိပ်ကမ်းကဆုတ်ခွာဖို့လို
ဟိုဒေးဒါဆိပ်ကမ်း အပစ်အခတ်ရပ်စဲရေး စတော့ဟုမ်း သဘောတူညီမှုအရ ဟူသီသူပုန်တွေဟာ ဟိုဒေးဒါမြို့နဲ့ ဆိ်ပ်ကမ်းတွေဆီကနေ ဆုတ်ခွာ ရမှာဖြစ်တယ်လို့ အစိုးရက လည်ပတ်ဆောင်ရွက် နေတဲ့ ဆာဘာသတင်းအေဂျင်စီက နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဟာဒရာမီရဲ့ ပြောဆိုမှုကို ကိုးကားလျက်ဖော်ပြခဲ့ပါတယ်။

 

သဘောတူညီထားသလို ဆိပ်ကမ်းတွေကနေ ဆုတ်ခွာခဲ့ပြီးပြီလို့ သူပုန်အဖွဲ့ရဲ့ ချေပပြောဆိုမှုကို နိုင်ငံခြားရေးဝန်ကြီး ဟာဒရာမီက လက်သင့်မခံပါ ဘူး။ လက်မခံတဲ့အပြင် သူပုန်တွေဟာ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှုကို ရှောင်လွှဲဖို့ ဉာဏ်ဆင် နေတယ်လို့လည်း စွပ်စွဲထားပါသေးတယ်။

 

သို့သော်လည်း ဟူသီသူပုန်အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ယာ့ရာဆာရီက ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ဟိုဒေးဒါ ပြည်နယ်မှာ အပစ် အခတ်ရပ်စဲရေး သဘောတူညီစာချုပ်ကို ကြေညာခဲ့တဲ့ အချိန်ကစပြီး စာချုပ်ကို ၈ဝ၁ ကြိမ် ချိုးဖောက် ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

 

အစိုးရတပ်ဖွဲ့တွေ ဆုတ်ခွာပေးဖို့ တောင်းဆို
မြို့တော်ဆာနားမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆာရီက ၎င်းတို့သူပုန်အဖွဲ့ဟာ သဘောတူညီထားတဲ့အတိုင်း ဆိပ်ကမ်းတွေဆီကနေ ဆုတ်ခွာလာခဲ့ပြီးပြီ။ ဒီတော့ စာချုပ်မှာပါတဲ့အတိ်ုင်း ဟိုဒေးဒါဆိပ်ကမ်းမြို့ရဲ့ အရှေ့ဘက်ခြမ်း ဆီကနေ အစိုးရတပ်ဖွဲ့တွေ ဆုတ်ခွာပေးပါဆိုပြီး သူပုန်အဖွဲ့က တောင်းဆိုထားသလိုလုပ်ဖို့ ထပ်ပြီးတိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဟူသီသူပုန်အဖွဲ့ဟာ စာချုပ်ပါသဘောတူညီချက် အတိုင်းဟိုဒေးဒါ ဆိပ်ကမ်းဆီကနေ စတင်ဆုတ်ခွာနေပြီလို့ ပြောခဲ့ပါတယ်။

 

ဟိုဒေးဒါဆိပ်ကမ်းမြို့ဆီကနေ ပြန်လည်နေရာ ချထားမှု ပထမအဆင့်ခြေလှမ်းကို အကောင်အထည်ဖော်ဖို့အတွက် ဒီလိုဆုတ်ခွာ တာဖြစ်တယ်လို့ သူပုန်အဖွဲ့ကဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးက အကယ်၍ နှစ်ဖက် အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂဟာ စတော့ဟုမ်း သဘောတူညီမှုနဲ့အညီ ဆောင်ရွက်တာကို တွေ့ရှိရတယ်ဆိုရင် ဟိုဒေးဒါ ဆိပ်ကမ်းဆီကနေ ပြန်လည်နေရာချထားမှု ဆောင်ရွက်မှုတိုင်းဟာ ချီးကျူးဖွယ်ဖြစ်တယ်လို့ ဖော်ပြချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

 

ပြန်လည်နေရာချထားရေး ဆွေးနွေးကြမယ်
ကုလသမဂ္ဂအဖွဲ့ကြီးက ခန့်အပ်လိုက်တဲ့ ပြန်လည်နေရာချထားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ(RCC) ရဲ့ ဥက္ကဋ္ဌ ပက်ထရစ်ကင်မာ့တ် ဟာ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အစည်းအဝေး တစ်ရပ်ခေါ်ယူမှာ ဖြစ်ပါတယ်။ RCC ရဲ့ နောက်ထပ် အစည်းအဝေးမှာ ပြန်လည်နေရာချထားရေး အစီ အစဉ်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့် စစ်ဆေးဖို့နဲ့ စံပြုလောက်တဲ့ ပြန်လည်နေရာချထား ရေး ပြီးမြောက်အောင်မြင်ဖို့ လိုအပ်တဲ့လုပ်ငန်း လည်ပတ်မှု ယန္တရားတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး သွားကြမယ်လို့ သိရပါတယ်။

 

ပြန်လည်နေရာချထားရေး ပူးပေါင်းဆောင် ရွက်မှု ကော်မတီမှာ ယီမင်ရှိ ပဋိပက္ခဖြစ်ပွားနေတဲ့ နှစ်ဖက်အဖွဲ့အစည်းက တာဝန်ရှိ ကိုယ်စားလှယ်တွေ ပါဝင်နေပါတယ်။

 

အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော် ဆောင်ရွက်မှုနဲ့ ယှဉ်ပြိုင်ဘက် အဖွဲ့အစည်းတွေ ကြားမှာ အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်မယ့် ဆောင်ရွက်ချက်တွေကို ခြုံငုံစစ်ဆေးဖို့အတွက် ကင်မာ့တ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဟိုဒေးဒါ ဆိပ်ကမ်းမြို့ဆီကို ရောက်ရှိလာခဲ့ပါတယ်။

 

ဆုတ်ခွာမှုအမြန်ပြီးစီးဖို့လို
အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ ဟိုဒေးဒါ၊ ဆာလစ်ဖ်၊ ရက်စ် အီဆာနဲ့ မြို့ရဲ့အချက်အချာကျတဲ့ အစိတ် အပိုင်းတွေဆီကနေ ဆုတ်ခွာဖို့ကို အပစ်အခတ် ရပ်စဲရေး စတင်အသက်ဝင်ပြီး နှစ်ပတ်အကြာမှာ ပြီးစီးအောင် ဆောင်ရွက်ဖို့လိုပြီး အဆိုပါ နေရာတွေကနေ ဆုတ်ခွာပြီးစီးဖို့ အလွန်ဆုံးကြာချိန်ဟာ ၂၁ ရက်အတွင်းမှာ အပြီးဖြစ်သင့်ပါတယ်။

 

ဆော်ဒီအာရေဗျဟာ အီရန်ကျောထောက် နောက်ခံပြုထားတဲ့ ဟူသီသူပုန်အဖွဲ့ကို ဆန့်ကျင်တဲ့ အနေနဲ့ ယီမင်မှာရှိတဲ့ အာရပ်စစ်ဘက်ဆိုင်ရာ မဟာမိတ်အဖွဲ့ကို ဦးဆောင်နေခဲ့တာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် မတ်လကတည်းက ဖြစ်ပါတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းပြည်အတွင်းကနေ နှင်ထုတ်ခံထားရတဲ့ ယီမင်သမ္မတဟောင်း အဗ္ဗဒူရာဘူမန် ဆောဟာဒီကို နေရာ ပြန်ပေးချင်လို့ပဲ ဖြစ်ပါတယ်။

 

နိုင်ငံ့အချက်အချာဟိုဒေးဒါ
နိုင်ငံတကာ အထောက်အပံ့တွေ အဓိက ဝင်ရောက်တဲ့ ဟိုဒေးဒါဆိပ်ကမ်းမှာ နှစ်ဖက်အဖွဲ့တွေ တိုက်ပွဲအနည်းငယ် ရှိခဲ့တယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။ ဟိုဒေးဒါဆိပ်ကမ်းဟာ ပြည်ပကတင်သွင်းတဲ့ အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါးတွေကို မှီခိုနေရတဲ့ ယီမင်နိုင်ငံသား သုံးပုံနှစ်ပုံအတွက် အသက်သွေးကြောတစ်ခုပါ။

 

၂ဝ၁၅ ခုနှစ်မှာ စတင်ခဲ့တဲ့ ယီမင်ပြည်တွင်း စစ်ကြောင့် နိုင်ငံသား ၂၂ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။ လူနှစ်သန်းဟာဆိုရင် နေအိမ်တွေကနေ စွန့်ခွာရမယ့် အခြေအနေရောက် နေပြီး ကလေးငယ် ၂၅ ရာခိုင်နှုန်းဟာလည်း ပညာသင်ကြားခွင့် မရတော့ပါဘူး။ 
ကိုးကား-ဆင်ဟွာ