ထန်းတပင်မြို့နယ်တွင်အခြေခံပညာကျောင်းနှစ်ကျောင်းကို Community Base Quarantine Centre အဖြစ် ထပ်မံ ဖွင့်လှစ်

ထန်းတပင် ၁၉  စက်တင်ဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှုများမရှိ စေရေးကြိုတင်ကာကွယ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား သီးခြားနေထိုင်စောင့်ကြည့်မှုများကို ပြုလုပ်သွားနိုင်ရေးအတွက် Community Base Quarantine Centre အဖြစ် အခြေခံပညာကျောင်းနှစ်ကျောင်းကို စက်တင်ဘာ (၁၉)ရက်မှစတင်၍ ထပ်မံတိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ရိုးခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ရွာသစ်ကျေးရွာ အခြေခံပညာအလယ် ကျောင်း(ခွဲ) (၂)ကျောင်းကို Quarantine Centre အဖြစ် ထပ်မံဖွင့်လှစ်လိုက်တာပါ၊ ရိုးခွကျောင်းမှာဆိုရင် (၅၀)ဦးနဲ့ ရွာသစ်ကျောင်းမှဆိုရင်(၁၇)ဦးတို့ Quarantine ဝင်ရောက်နေပါပြီဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ရှင်းပြသည်။

 

ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Primary Contacts) များအား အသွားအလာကန့်သတ်မှုများကို ဆောင်ရွက်နိုင်ရေးအတွက် ထန်းတပင်မြို့နယ်တွင် စက်တင်ဘာ (၁၆)ရက်မှ စတင်၍ အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းကို Community Base Quarantine Centre အဖြစ်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်အထိ အ.ထ.က(ထန်းတပင်)ကျောင်းတွင် Quarantine ဝင်ရောက်နေသူ (၆၀) ထိရှိကြောင်းသိရပြီး မြို့နယ်အတွင်း အသွားအလာကန့်သတ်မှုများကို ဆောင်ရွက်နိုင်ရေးအတွက် Community Base Quarantine Centre အဖြစ် အခြေခံပညာကျောင်း(၃) ကျောင်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ပြန်/ဆက်)