ထန်းတပင်၌ စောင့်ကြည့်ကာလ (၁၄)ရက် ပြည့်မြောက်သူများအား ကျန်းမာရေး ထောက်ခံချက်ပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်း 

ထန်းတပင်  ၁၀  ဧပြီ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ Community Quarantine Base Center (သတ်မှတ်စုစည်းနေရာ) အဖြစ်သတ်မှတ်ထားရှိသည့် အ.ထ.က(ခွဲ) အတွင်း ရေကျော်ကျောင်းတွင် အသွားအလာစောင့်ကြည့်မှု ခံယူနေသူများအား (၁၄)ရက်တာပြည့်မြောက်ပြီဖြစ်၍ ကျန်းမာရေး ထောက်ခံချက်နှင့် ထောက်ပံ့လှူဒါန်းငွေများ ပေးအပ်လှူဒါန်းခြင်းကို ဧပြီ ၉ ရက်နေ့က အဆိုပါ ကျောင်းတွင် မြို့နယ်တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ ကျေးရွာ(၁၄)ရွာတို့တွင်လည်း ရောဂါကြိုတင်ကာကွယ်ရေး အထောက်အကူပြုစေရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ပုညပါရမီလူမှုကူညီ ကယ်ဆယ်ရေးအသင်း (ထန်းတပင်)မှဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အ.ထ.က(ခွဲ)အတွင်းရေကျော်ကျောင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများက စောင့်ကြည့်ခံယူသူ(၈)ဦးတို့အား စောင့်ကြည့်ကာလ (၁၄)ရက်တာ ပြည့်မြောက်သွားပြီဖြစ်၍ ပူးပေါင်းဆောင်ရွက်မှုများအတွက် အားပေးစကားများပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေး ထောက်ခံချက်၊ ထန်းတပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များမှလှူဒါန်းသည့် ငွေကျပ် ၂၅ဝဝဝဝ နှစ်သိန်းခွဲနှင့် ဝံသပါလပရဟိတ(အတွင်းရေကျော်ကျေးရွာ)တို့မှ လှူဒါန်းသည့် ငွေကျပ်(၈ဝဝဝဝ)(ရှစ်သောင်း)တို့ကို စောင့်ကြည့်ကာလပြည့်မြောက်သူ(၈)ဦးတို့ထံ ပေးအပ်ခဲ့ကြသည်။

ထို့အပြင် ပုညပါရမီ လူမှုကူညီကယ်ဆယ်ရေးအသင်း(ထန်းတပင်)မှအဖွဲ့ဝင်များက မြို့နယ် အတွင်းရှိ လမုတန်းလေးကျေးရွာ၊ လမုတန်းကြီးကျေးရွာ၊ အတွင်းရေကျော်ကျေးရွာ၊ ကျောက်စရစ် ကုန်းကျေးရွာ၊ ညောင်သုံးပင်ကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ ယင်းတင်ကျေးရွာ၊ ရှမ်းတောကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ညောင်ပင်အေးကျေးရွာ၊ မောင်ကျော်ကုန်းကျေးရွာ၊ သံတဇာကျေးရွာနှင့် ကောက်ကွေ့ကျေးရွာများတွင်လည်း ရောဂါကြိုတင်ကာကွယ်ရေး အထောက်အကူပြုစေရန်အတွက် ပိုးသတ်ဆေးများဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး အဆိုပါဆောင်ရွက်နေမှုများကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ လွှတ်တော် ကိုယ်စားလှယ်များရုံးအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင် များကဝိုင်းဝန်း ကာကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)