ထုတ်လုပ်မှုလုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသည့် ပလတ်စတစ်စက်ရုံ (ကျောက်ဆည်) အား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် သွားရောက်ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်စက်မှုနယ်မြေရှိ ပလတ်စတစ်စက်ရုံ (ကျောက်ဆည်)အား ထုတ်လုပ်မှု လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသဖြင့် စက်ရုံကို ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည်  ယမန်နေ့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်စေရေးအတွက် စက်ရုံအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက ပိုမိုအကျိုးရှိနိုင်မည် ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာသည်နှင့်အမျှ ပြည်ပသွင်းကုန် အစားထိုးနိုင်၍ နိုင်ငံခြားငွေ အသုံးပြုရမှု သက်သာခြင်း၊ ပြည်တွင်းလိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ခြင်း၊ နည်းပညာများရရှိခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ စက်ရုံနှင့် ဆက်စပ်ဆောင်ရွက်သည့် လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ပလတ်စတစ်စက်ရုံ (ကျောက်ဆည်) အား ၂၀၀၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှစ၍ စီးပွားဖြစ် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ စက်ရုံမှ ဘိလပ်မြေအိတ်ခွံ (စက္ကူပါ) နှင့် ဘိလပ်မြေ အိတ်ခွံ (စက္ကူမပါ) တို့ကို ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်မှ ခရိုင်များ ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သဖြင့် ခရိုင်ဆေးရုံများ ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သော ဆေးရုံသုံးပရိဘောဂပစ္စည်းများ အချိန်မီထုတ်လုပ်ပေးပို့နိုင်ရေးအတွက် ဆေးရုံသုံးခုတင်များ ထုတ်လုပ်နေသည့် အိမ်သုံး ပစ္စည်းစက်ရုံ (မင်းစု) သို့ ရောက်ရှိပြီး စက်ရုံမှထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများကို စက်ရုံ၌ ထူထောင်ထားရှိသည့် အရည်အသွေး စီမံခန့်ခွဲမှု စနစ်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ဆေးရုံသုံး ပရိဘောဂများအား ရေရှည်အသုံးပြုနိုင်အောင် စနစ်တကျ စီမံဆောင်ရွက်ရန် မိမိထုတ်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း၌ ယှဉ်ပြိုင်ရောင်းချ နိုင်ရေးအတွက် တစ်ယူနစ် ထုတ်လုပ်မှုစရိတ် လျော့နည်းစေရေး အလေအလွင့်မရှိအောင် ကြပ်မတ်ဆောင်ရွက်ရန်၊ ထုတ်လုပ်မှု ဆောင်ရွက်နိုင်ရန် လိုအပ်သော ကုန်ကြမ်းများ၊ ဆက်စပ်ပစ္စည်းများ ဝယ်ယူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အရည်အသွေးမီစွာ ဖြည့်ဆည်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်မှန်ကန်ကန် စီမံဆောင်ရွက်ကြရန် တို့ကိုပြောကြားပြီး ဆေးရုံ သုံးခုတင်များနှင့် အခြားဆေးရုံသုံး ပစ္စည်းများ ထုတ်လုပ်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု) အနေဖြင့် ပြည်တွင်း၌ လိုအပ်လျက်ရှိသော အိမ်သုံးစတီးလ်ပစ္စည်းအမျိုးမျိုး၊ ဆေးရုံသုံး ပရိဘောဂပစ္စည်းအမျိုးမျိုးနှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများ၊ Steel Pipe အမျိုးမျိုး၊ ပလတ်စတစ်ပစ္စည်း မျိုးမျိုးတို့ကို ထုတ်လုပ်ပေးလျက်ရှိပြီး အဆိုပါ ထုတ်ကုန်များအား ဝန်ကြီးဌာန ထုတ်ကုန်အရောင်းပြခန်းများတွင် ရောင်းချပေးလျက်ရှိသည့်အပြင် ဝန်ကြီးဌာန/ အဖွဲ့အစည်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ကြိုက်နှစ်သက်ရာ ပုံစံများအတိုင်း ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်