ထူးချွန်တဲ့ ဂေါက်သီးရိုက် အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် Amateur Open SWEETY HOME Cup ဖိတ်ခေါ်ပြိုင်ပွဲကျင်းပမည် 

မန္တလေး ၉ ဖေဖော်ဝါရီ 


ထူးချွန်တဲ့ ဂေါက်သီးရိုက် အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် Amateur Open SWEETY HOME Cup ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း GMGA အသင်းမှ သိရသည်။ အဆိုပါဂေါက်ရိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၇ ရက်အထိ ရွှေစာရံဂေါက်ကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ဂေါက်ရိုက် အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။ 


“အပျော်တမ်း ဂေါက်ရိုက်သမားတွေကို တစ်နိုင်ငံလုံး ဖိတ်ခေါ်တဲ့ပြိုင်ပွဲပါ။ မြန်မာနိုင်ငံ ဂေါက်သီးရိုက်အဖွဲ့ချုပ်ရဲ့ လမ်းညွှန်မှုနဲ့အညီ ဂေါက်သီးရိုက် အားကစားသမားတွေ ပေါ်ထွန်းလာဖို့အတွက် အားလုံးကို  စုစည်းပြီးလုပ်တဲ့ပွဲပါ” ဟု Golden Mandalay Golf Association (GMDA) အသင်းအတွင်းရေးမှူး ဦးအောင်ကျော်စိုးက ပြောသည်။ 
Amateur Open SWEETY HOME Cup ပြိုင်ပွဲတွင် အမျိုးသားသီးသန့် ၁၈ ကျင်း၊ အမျိုးသမီးသီးသန့် ၁၈ ကျင်း ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ အမျိုးသားဂေါက်ရိုက် အားကစားသမားများအတွက် ၁ မှ ၂၅ အတွင်းဝင်သည့် အားကစားသမားများကို ဆုများပေးအပ်မည်ဖြစ်ပြီး ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၈ သိန်း၊ တတိယဆု ၇ သိန်း ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ အမျိုးသမီး ဂေါက်သီးအားကစားမယ်များအတွက် ဆု ၅ ဆုပေးအပ်မည်ဖြစ်ပြီး ပထမဆု ၅ သိန်း၊ ဒုတိယဆု ၄ သိန်း၊ တတိယဆု ၃ သိန်း၊ စတုတ္ထဆု နှစ်သိန်း၊ ပဉ္စမဆု တစ်သိန်း ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်ကြေးမှာ ကျပ် ၂၀ဝဝဝ ဖြစ်ပြီး အခုလ ၁၀ ရက်နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ 


အိမို့မို့ခိုင်