တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ အ.မ.က (ဝမ်လုံ)၊ အ.ထ.က (ဝမ်နတ်) ဝန်ထမ်းအိမ်ရာ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

နေပြည်တော် ၁  မတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ နေထိုင်ရန်အတွက် ဆောက်လုပ်လှူဒါန်းသည့် ဝန်ထမ်းအိမ်ရာများ ပေးအပ်လှူဒါန်းပွဲနှင့်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ် အခြေခံပညာမူလတန်းကျောင်း (ဝမ်လုံ)တွင် ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုလို နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမများ နေထိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်လှူဒါန်းပေးသော အလှူရှင်ကို ပညာရေးဝန်ကြီးဌာနအနေဖြင့်  အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် သုတေသန၊ အချက်အလက် အထောက်အထားများပေါ်တွင် အခြေခံ၍ ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၂ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည့် CESR ၏ လေ့လာဆန်းစစ်တွေ့ရှိချက်များ၊ အကြံပြုချက်များကို အခြေပြုထားသည့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) တွင် ဖော်ပြထားသော စီမံကိန်း၊ လုပ်ငန်းစဉ်များနှင့် ဦးစားပေးလုပ်ငန်း စဉ်(၁၂)ရပ်တို့ကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း ဆောင်ရွက်ရာတွင်လည်း အခက်အခဲရှိသည့် ဒေသများ၊ လိုအပ်ချက်များသည့် ဒေသများကို ဦးစားပေး ဆောင်ရွက်နေပါကြောင်း။

 

လိုအပ်နေသည့် ဒေသများတွင် ကျောင်းများ၊ စာသင်ခန်း၊ စာသင်ခုံ၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ အားကစားခန်းမ စသည်တို့ကို တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ဆရာ၊ ဆရာမများ ခန့်ထားပေးခြင်းတို့ကို နိုင်ငံတော်၏ ခွင့်ပြုဘဏ္ဍာငွေအရ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်း ဆောင်ရွက်ပေးနေပါကြောင်း၊ နိုင်ငံတော်မှ ပညာရေး အသုံးစရိတ်များကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြှင့်ပေးလျှက် ရှိပါကြောင်း၊ သို့သော်လည်း ပညာရေး ကဏ္ဍတွင် ဖြည့်ဆည်းရန် လိုအပ်ချက်များ အလွန်များသဖြင့် အားလုံးမပြည့်စုံ နိုင်သေးပါကြောင်း။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ဒေသအလိုက် လိုအပ်နေသောကျောင်းများ တိုးချဲ့ ဖွင့်လှစ်ပေးနိုင်ရေးနှင့် ဆရာ၊ ဆရာမများတိုးချဲ့ ခန့်အပ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်နေပါကြောင်း၊ ဆရာ၊ ဆရာမများ ခန့်ထားရာတွင်လည်း တိုင်းရင်းသား ဒေသခံကို ပိုမိုဦးစားပေးခန့်ထားပါကြောင်း၊ တိုင်းရင်းသား ဒေသခံများနှင့် မလုံလောက်လျှင် အခြားဒေသများမှလာရောက် လျှောက်ထားသူများကို ခန့်ထားပေးပါကြောင်း၊ ဒေသခံမဟုတ်သော ဆရာ ဆရာမများအနေဖြင့် အဆင်ပြေသလို နေထိုင်ကြရာတွင် အလှူရှင်များက ယခုလို ဝန်ထမ်းအိမ်ရာများ လှူဒါန်းပေးသည့်အတွက် ဆရာဆရာမများ ဘေးကင်းလုံခြုံပြီး ပျော်ရွင်စိတ်ချမ်းသာစွာ နေထိုင်ရင်းဖြင့် ဒေသ၏ပညာရေး ဖွံ့ဖြိုးရေးကို ပိုမိုအားစိုက် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ မိဘပြည်သူများ၊ အလှူရှင်များနှင့် ဆရာဆရာမများအားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်၍ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရှမ်းပြည်နယ် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က ဝမ်းမြောက်စကား ပြောကြားပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ဝန်ထမ်းအိမ်ရာ လှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် အခြေခံပညာ အထက်တန်းကျောင်း (ဝမ်နတ်) ကျောင်းအုပ်ဆရာမကြီးက ဝန်ထမ်း အိမ်ရာလှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အလှူရှင်အား ဂုဏ်ပြုလက်မှတ်ပေးရာ  အလှူရှင် ဦးအောင်ခင်၊ ဒေါ်စုလှိုင်မိသားစု   က လက်ခံရယူသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး မူလတန်းကျောင်းဆောင်နှင့် ဝန်ထမ်းအိမ်ရာတို့အား လှည့်လည် ကြည့်ရှု ကြသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  အခြေခံပညာအထက်တန်းကျောင်း (ဝမ်နတ်)သို့ ရောက်ရှိပြီး ဆောက်လုပ်လှူဒါန်းထားသည့် ဝန်ထမ်းအိမ်ရာအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းဆုန်စိုင်း၊ ရပ်မိရပ်ဖ ဦးအောင်တင်ဝင်းနှင့် အလှူရှင် ဦးအောင်ခင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက ဝန်ထမ်းအိမ်ရာ အားလှည့်လည်ကြည့်ရှု ကြသည်။

 

တာချီလိတ်မြို့နေ အလှူရှင် ဦးအောင်ခင် ဇနီးဒေါ်စုလှိုင် မိသားစုလှူဒါန်းသော အထက (ဝမ်နတ်) ကျောင်း (၈) ခန်းတွဲ (၂)ထပ် ဝန်ထမ်းအိမ်ရာသည် (၁၂၈x၃၀x၂၁) ပေ ရှိပြီး တန်းဖိုးငွေ ကျပ် (၂၄၄ ဒသမ ၄၆) သန်း နှင့် အမက (ဝမ်လုံ) ကျောင်း (၃) ခန်းတွဲ (၂) ထပ် ဝန်ထမ်းအိမ်ရာသည် (၅၃x၃၀x၂၁)ပေ ရှိပြီး တန်ဖိုးငွေ ကျပ်(၁၀၀ ဒသမ ၁၄)သန်း ရှိကြောင်း သိရသည်။

 

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် တာချီလိတ်ခရိုင်အတွင်းရှိ အခြေခံပညာ ဆရာ ဆရာမများ၊ ပညာရေးမိသားစုများနှင့် တွေ့ဆုံပွဲကို  ယနေ့ နံနက် ၉ နာရီတွင် အခြေခံပညာ အထက်တန်းကျောင်း (တာချီလိတ်) တွင်ကျင်းပသည်။

 

ရှေးဦးစွာ ဦးမြင့်ဝင်းလှ (ဒု-မြို့နယ်ပညာရေးမှူး၊ မိုင်းဆတ်) က မိဘဆရာပူးပေါင်း၍ ပညာရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရေးကိုလည်းကောင်း၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက သုတေသနကို အခြေခံ၍ ဆောင်ရွက်နေသည့် စနစ်သစ်ပညာရေး ပြုပြင်ပြောင်းလဲမှုများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက  အရည်အသွေးရှိသော ပညာစနစ်သစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရေး၊ သင်ကြားသင်ယူမှု စီမံ ခန့်ခွဲမှုစနစ် ပိုမိုကောင်းမွန်ရေး၊ ဆရာ၊ ဆရာမများ ပျော်ရွှင်ချမ်းမြေ့စွာ အလုပ်ဆောင်ရွက်နိုင်ရန် ကျောင်းအုပ်မှစ၍ ဆင့်ကဲဆင့်ကဲ ပံ့ပိုးကူညီဆောင် ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။ ယင်းနောက် တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က ပြန်လည် ဆွေးနွေးဖြေကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)