တာချီလိတ်မြို့၌ ကလေးစာပေပွဲတော်အထိမ်းအမှတ် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ

တာချီလိတ်  ၂၀   ဇွန် 

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်း၍ ကလေးစာပေပွဲတော်ကို ဇွန် ၂၅ ရက်မှ ၂၆ ရက်အထိ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ကလေးစာပေပွဲတော် အထိမ်းအမှတ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများဖြစ်သည့် အသက် (၁၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးတိုး ပြိုင်ပွဲများကို ထည့်သွင်းကျင်းပလျက်ရှိသည်။

 

ကလေးစာပေပွဲတော် အထိမ်းအမှတ် ပြိုင်ပွဲအဖြစ် ရည်ရွယ်ကျင်းပသည့် အသက် (၁၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ် အားကစားကွင်း၌ ကျင်းပရာ ဆန်းဆိုင်းအသင်းက အထက (တာချီလိတ်) အသင်းကို ၅ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရန်အောင်မြေ အသင်း က ရွှေမဟာ အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ တာလေအသင်းက ဝမ်မိုင် အသင်းကို ၅ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ မိုင်းကို အသင်းက ဝမ်ကောင်း အသင်းကို ၆ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိသည်။  

 

အလားတူ ကျောင်းပေါင်းစုံ ထုပ်ဆီးတိုး ပြိုင်ပွဲကို ခရိုင်အားကစား ခန်းမ၌  နံနက် ၈ နာရီက ကျင်းပရာ  ရှမ်းအရှေ့တန်ဆောင်နှင့် ပုန်းထွန် အသင်းတို့ သရေ ရလဒ်ဖြင့်လည်းကောင်း၊ အထက(တာချီလိတ်)က ရွှေမဟာအသင်းကို ၇ မှတ် ဝ မှတ်ဖြင့်လည်းကောင်း၊ မိုင်းကိုးအသင်းက ရန်အောင်မြေ အသင်းကို ၂၃ မှတ် ဝ မှတ်ဖြင့်လည်းကောင်း၊ ဆန်ဆိုင်းအသင်းက ဟောင်လိတ် အသင်းကို ၁၅ မှတ် ၂ မှတ်ဖြင့်လည်းကောင်း၊ မိုင်းကိုး အသင်းက တာလော့ အသင်းကို ၁၇ မှတ် ဝ မှတ်ဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။

 

ထုပ်ဆီးတိုးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် အထက(တာချီလိတ်)မှ ကျောင်းသူ မသူဇာက “ဒီနေ့ ရွှေမဟာအသင်းနဲ့ ယှဉ်ပြိုင်ပြီး ကျွန်မတို့အသင်း အနိုင်ရရှိပါတယ်။ အခုလိုကလေးစာပေပွဲတော်တွေမှာ အားကစားပြိုင်ပွဲတွေ ထည့်သွင်း ကျင်းပတာ ကျောင်းသားကျောင်းသူတွေအတွက် ကောင်းပါတယ်။ စာပေပွဲတော် ကျင်းပရင် ကျောင်းသားကျောင်းသူတွေအတွက် အစီအစဉ်တွေ အများကြီးပါတော့ အားလုံးကို လာလည်စေချင်ပါတယ်။ အရင်ကျင်းပတုန်းကလည်း ပျော်ဖို့ကောင်းပါတယ်” ဟု ပြောသည်။

 

ကလေးစာပေပွဲတော် အထိမ်းအမှတ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပရာတွင် တာချီလိတ်မြို့နယ်ရှိ အခြေခံပညာကျောင်း  ၁၃ ကျောင်းမှ ကျောင်းသားလူငယ်များ၏ အမျိုးသားဘောလုံးပြိုင်ကို မြို့နယ် အားကစား ကွင်း၌လည်းကောင်း၊  ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ထုပ်ဆီးတိုး ပြိုင်ပွဲများကို ခရိုင် အားကစား ခန်းမ၌လည်းကောင်း ဇွန် ၁၈ ရက်မှ ၂၆ ရက်အထိ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

သတင်းဓာတ်ပုံ- အောင်မင်းဟန်

 

DSC0582