တာချီလိတ်နှင့် လွိုင်လင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်၊ ဧပြီ ၁၉

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ တာချီလိတ် - ဝမ်ပုံသွား ကားလမ်းဘေးရှိ စိုးမင်းအောင် (ခ) ရေခဲ၏ လယ်တဲကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၂၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ ည ၇ နာရီတွင် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ဟိုနမ့်ကျေးရွာအနီးတွင် နေသူရိန် မောင်းနှင်ပြီး မကြည်ကြည်ဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ မကြည်ကြည်ဦးလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်